ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အဖြေရှာရေးကို ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုကျိုမြို့က ကုလသမဂ္ဂအဆောက်အဦးရှေ့မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကချင်အမျိုးသားအစည်းအရုံးရဲ့ လူ့အခွင့်အရေးတာဝန်ခံ Marit Sanbu က
"အဓိကကတော့ ကချင်လွပ်လပ်ရေးတပ်မတော်နဲ့ အစိုးရနဲ့ ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံးပြီးဆုံးရေးဖို့နော်၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးနေရတဲ့ အခြေအနေတွေ၊ ကိုယ့်ဒေသကို ကိုယ်မပြန်နိုင်တဲ့ အခြေအနေတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး ဝိုင်ဝန်းဆောင်ရွက်ကြဖို့ပေါ့နော်၊ UN ကဦးဆောင်ပြီးတော့ တကမ္ဘာလုံးက ပါဝင်ဆောင်ရွက်ပေးကြဖို့ UN ရုံးရှေ့မှာ ကျမတို့အနေနဲ့ တောင်းဆိုတင်ပြတယ်"
ဒါ့အပြင် မြန်မာအစိုးရနဲ့ KIO ကချင်လွတ်လပ်ရေးတပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်နိုင်ပြီး ငြိမ်းချမ်းရေးအဆင့်ကိုရောက်တဲ့အထိ ကြီးကြပ်ကူညီပေးဖို့၊ ကချင်စစ်ပြေးဒုက္ခသည်တွေ မိမိတို့ဒေသတွေမှာ လုံခြုံစိတ်ချစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက်နဲ့ မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေးကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုကြကြောင်း သိရပါတယ်။