စစ်ရေးပဋိပက္ခအခြေအနေ ၈၈ မျိုးဆက်တွေ ကူညီဖြေရှင်းပေးဖို့ ဖားကန့်ဒေသခံများ တောင်းဆို

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ကူညီ ဖြေရှင်းပေးဖို့ ဒေသခံ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက မနေ့က အရေးပေါ် အစည်းအဝေးကျင်းပပြီး တောင်းဆို လိုက်ကြပါတယ်။

အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကူညီဖြေရှင်းပေးမှသာ ပြေလည်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် အခုလို တောင်းဆို လိုက်တာပါလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက RFA ကို ပြောပါတယ်။

"ရွာတွေ တော်တော်များများက ဒုက္ခရောက်နေတာ။ ဒီစားဝတ်နေရေးက အကုန်ပြတ်ဖို့ အကြောင်းရှိတယ်။ နောက်ပြီးတော့ ဒီမှာ တစ်ခုခုဖြစ်ရင် လမ်းကြောကပိတ်မှာ။ ကျွန်တော်တို့ ဒုက္ခရောက်ဖို့ အကြောင်းရှိတယ်။ ဒီကလေးတွေ ပညာရေးကအစ။ ၈၈ လာမှ ဖြစ်တော့မယ်လို့ ကျွန်တော်တို့ အားလုံးယူဆလို့ အားလုံးက မျှော်လင့်တယ်"

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လာရောက် ကူညီဖြေရှင်းပေးဖို့ ဖားကန့်ဒေသမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ ဒေသခံ ပြည်သူလူထုက မျှော်လင့်နေကြတယ်လို့လည်း သတင်းရရှိပါတယ်။