ကချင်စစ်ဘေး ဒုက္ခသည်တွေရေရှားပါးမှု ကြုံတွေ့


2014.04.18
kachin-refugee-water-305 ၂၀၁၄ ခုနှစ် ဧပြီလဆန်းပိုင်းက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက ရေတွင်းမှာ ရေခပ်ယူသုံးစွဲမှုကိုတွေ့ရစဉ်။
Photo : RFA/ Kyaw Myo Min

ရာသီဥတု ပူပြင်းလွန်းတဲ့အတွက် ကချင်ပြည်နယ် အတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရေရရှိမှု အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒုက္ခသည်စခန်း မှာ နေထိုင်သူတွေက ပြောပါတယ်။

အထူးသဖြင့် သောက်သုံးရေသန့် ရဖို့အတွက် မနက်စောစော ၅ နာရီလောက်ထပြီး ကယ်ဆယ်ရေး စခန်းတွေမှာ တူးဖော်ထားတဲ့ ရေတွင်း၊ ရေကန်တွေ ကနေ အလှည့်ကျတန်းစီ ခပ်ယူသုံးစွဲနေရတယ်လို့ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှာရှိတဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်း မှာနေထိုင်နေတဲ့ ဒေါ်လုယမ် ကပြောပါတယ်။

" မိုးတွင်းဆိုတော့ အဆင်ပြေပါတယ်၊ အခုနွေရာသီ ဆိုတော့ သိပ်တော့ အဆင်မပြေဘူး၊ အခုချိန်က ခပ်ယူတာလည်း နည်းနည်းတော့ မပြီးသေးဘူး၊ မနက် အစောကြီးဆိုတော့ သူများထက်ပို စောပြီးမှ ထတဲ့သူလည်းရှိတယ်၊ အယောက် ၂၀၊ ၃၀ အဲ့လိုမျိုး တန်းစီ ပြီးတော့ ခပ်ကြတယ်၊ တစ်လှည့်စီ ခပ်ကြတယ်"

ဒါ့အပြင် ကချင်ပြည်နယ် ကန်ပိုက်တီမြို့နယ်ခွဲထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ အခြားဒုက္ခသည် စခန်းတွေမှာ လည်း ရေရှားပါးတာကြောင့် ရေးတွင်းအသစ်တွေ တူးဖော်နေရတယ်လို့ သိရပါတယ်။

မနှစ်က အခုလိုနွေရာသီ ရေရှားပါးချိန်တုန်းကတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ဒိန်းမတ်ကြက် ခြေနီအသင်းတို့ ပူးပေါင်းပြီး ရေသန့်စက်တွေနဲ့ စစ်ဘေးကယ်ဆယ်ရေးစခန်းတွေကို လာရောက်လှူ ဒါန်းခဲ့ပေမယ့်ဒီနှစ်မှာတော့ ဘယ် အဖွဲ့အစည်းကမှလာရောက် လှူဒါန်းတာမရှိသေးဘူးလို့သိရပါတယ်။

တရုတ်- မြန်မာ နယ်စပ်နဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ RFA သတင်းထောက် ကိုကျော်မျိုးမင်းက ရေရှားပါးမှုအကြောင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။