KIO အရာရှိကို စစ်အစိုးရတပ်များဖမ်းပြီး ရုံးများကိုဝိုင်းထား

ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းနင်းမိပြီး သေဆုံး ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေကို သွားရောက် ငွေကြေး ထောက်ပံ့ပေးခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိကို အောက်တိုဘာ ၁၈ ရက် မနေ့ညနေက စစ်အစိုးရတပ်တွေက ဖမ်းဆီးထားပြီး၊ ဟိုပင်နဲ့ မိုးညှင်းက KIO ဆက်ဆံရေးရုံးတွေကိုလည်း ဝိုင်းထားကြောင်း KIO သတင်းရပ်ကွက်ကနေ သတင်းရရှိပါတယ်။

KIO တာဝန်ရှိသူတဦးဖြစ်တဲ့ ဟိုပင်ဆက်ဆံရေးရုံးက အရာရှိ ဗိုလ်ကြီး ခုန်တာ အော်ခုန်လုံးကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

KIO တာဝန်ရှိသူတွေက မိုင်းနင်းမိပြီး သေဆုံးသူတွေအတွက် တဦးကို မြန်မာငွေ ၁၀ သိန်းစီ ကူညီခဲ့ပြီး ဒဏ်ရာရသူကို ၅ သိန်းစီ ကူညီခဲ့ပါတယ်။ ဗိုလ်ကြီး အော်ခုန်လုံးက မိုးညှင်းဆေးရုံမှာ တက်ရောက် ဆေးကုသခံနေသူကို သွားရောက်တွေ့ဆုံကာ ငွေကြေး ကူညီခဲ့ပြီး အပြန်မှာ စစ်အစိုးရအရာရှိတွေက ဖမ်းဆီး သွားခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး KIO သတင်းရပ်ကွက်နဲ့ နီးစပ်သူတဦိးက ခုလို ပြောပြပါတယ်။

“မိုးညှင်းဆေးရုံကနေ အပြန်မှာ သူ့ကို နအဖ စစ်တပ်တွေက ဖမ်းတယ်ပေါ့။ နအဖ စစ်တပ်တွေက စခန်းကို ခဏလေးဆိုပြီးတော့မှ မိုးညှင်းရဲစခန်းက စခန်းကို ခဏလေးဆိုပြီး ဖမ်းတယ်။ ဒါပေမဲ့ အဲဒီ သူ့ဖမ်းပြီးတဲ့ နောက်ပိုင်းကျတော့ မိုးညှင်း ဆက်ဆံရေးရုံးကော၊ ဟိုပင် ဆက်ဆံရေးရုံးကော၊ ဆက်ဆံရေးရုံး နှစ်ခုစလုံးကို နအဖအနေနဲ့ ဒီနေ့ည ၈ နာရီလောက်မှာ သူတို့ ဝိုင်းထားတဲ့ အဲလိုမျိုး အခင်းတွေ ဖြစ်ခဲ့တာပေါ့။”

အခုလို မိုင်းထိသူတွေကို သွားရောက် ကူညီမဲ့ကိစ္စကို စစ်အစိုးရ စရဖ နဲ့ ရဲတွေကို အကြောင်းကြား ခွင့်ပြုချက် ယူပြီးမှ သွားတာလို့ သိရပါတယ်၊ သူ့ကို ဖမ်းဆီးပြီးနောက် KIO ဆက်ဆံရေးရုံးတွေဖြစ်တဲ့ ဟိုပင်နဲ့ မိုးညှင်းမှာ ရှိတဲ့ ရုံးတွေကို စစ်အစိုးရတပ်တွေက ဝိုင်းထားလိုက်ပါတယ်။

ဒီလို အခြေအနေတွေ ရှုပ်ထွေးနေတာကို ဖြေရှင်းပေးဖို့ KIO တာဝန်ရှိသူတချို့နဲ့ KIA တပ်ဖွဲ့တချို့ကို မနေ့ညက ထပ်မံ စေလွှတ်ခဲ့တဲ့အတွက် အနီးအနားမှာ KIA တပ်ဖွဲ့တွေလည်း ရောက်ရှိနေပါတယ်။

အခြေအနေတွေကို သိနိုင်ဖို့ KIO အတွင်းရေးမှူး ဗိုလ်ချုပ် ဂွမ်မော်ကို စုံစမ်း မေးမြန်းကြည့်တဲ့အခါ ဆက်ဆံရေးအရာရှိကို ခေါ်ယူစစ်ဆေးနေပြီး ရုံးတွေကို ဝိုင်းထားတာ မဟုတ်ပဲ ဝင်ရောက် စစ်ဆေးတာသာ ဖြစ်ကြောင်း။ ဘာကြောင့် အခုလို လုပ်ဆောင်ရတယ် ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ကြောင်း RFA ကို ပြောပါတယ်။ အခုမနက်ပိုင်းအထိ နှစ်ဖက် ဆွေးနွေး ဖြေရှင်းနေဆဲ ဖြစ်ပြီး ဘာကြောင့်အခုလို KIO အရာရှိကို ဖမ်းဆီးတယ်ဆိုတာ အတိအကျ မသိရပါဘူး။

အခြေအနေတွေဟာ ဆက်လက်တင်းမာနေလို့ နှစ်ဖက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားမဲ့အရေးကို ဒေသခံတွေက စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။