အခမ်းအနားကို မနက်ဖြန် ဖေေဖာ်ဝါရီလ ၃ရက်နေ့ကစပြီး KIA အရှေ့ပိုင်းတိုင်းတပ်မဟာ ၄ နယ်မြေ မိုင်ကြာယန်မှာ ၃ရက်တိုင်တိုင် ကျင်းပမယ်လို့ ဆိုပါတယ်။ KIO အဖွဲ့က ကျင်းပတဲ့ အခမ်းအနားတွေဟာ အရင်က ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပတာ ဖြစ်ပေမဲ့ အခုတကြိမ်မှာ အရှေ့ပိုင်းတိုင်း တပ်မဟာ၄ ဌာနချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခမ်းအနား ကျင်းပရေး ကော်မတီဝင် KIA အရာရှိတဦးက ပြောပါတယ်။
“ဘာကြောင့် အရှေ့ပိုင်းတိုင်းမှာ ကျင်းပရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ခံယူချက်ပေါ့လေ၊ ဒီ နှစ် ၅၀ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အမျိုးသား တော်လှန်ရေးဟာ ပိုပြီးတော့မှ အရှေ့ဖက်က ရောင်နီ ထွန်းလင်းတောက်ပ ခံစားရအောင် ဆိုပြီးတော့ အရှေ့ပိုင်းတိုင်းကို ရွေးချယ်ပြီးတော့မှ ဒီမှာ ကျင်းပ ပြုလုပ်ပါတယ်လို့။ တော်လှန်ရေးနေ့ဆိုတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်တယ်။ နောက် ထူးထူးခြားခြားပေါ့လေ၊ နှစ် ၅၀ ပြည့်ဆိုတော့ ကျွန်တော်တို့ ထူးထူးခြားခြား ရှိတဲ့အတွက်ကြောင့် ဒီမှာ မနောပွဲပါ ကျွန်တော်တို့ ကျင်းပခြင်းဖြစ်ပါတယ်။”
အခမ်းအနားကို တက်ရောက်ဖို့ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ ဗန်းမောက်စတဲ့ ဒေသတွေက ကချင်တိုင်းရင်းသားတွေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်တွေ မိုင်ကြာယန်မှာ ရောက်ရှိပြီး အစီအစဉ်များကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် တရုတ်ပြည်ဘက်က ကချင် လူမျိုးစုတွေလည်း အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေကြပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို စစ်အစိုးရ အာဏာပိုင်တွေကို တရားဝင် ဖိတ်ကြားထားခြင်းမရှိဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့လ အတွင်းက စစ်အစိုးရ ကျင်းပတဲ့ ကချင်မနောပွဲကို မြစ်ကြီးနားမြို့မှာ ကျင်းပါတယ် အဲဒီပွဲကို KIO ခေါင်းဆောင်တချို့သာ တက်ရောက်ခဲ့ပြီး လိုက်ပါလာတဲ့ KIA တပ်သားတွေမှာ လက်နက်တွေ ယူဆောင်လာတာနဲ့ ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေနဲ့ အချေအတင် စကားပြောဆိုရတာတွေ ရှိတယ်လို့ သိရပါတယ်။