ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း ရေရှည်အကျိုးပြုနိုင်လို့ CPP ပါတီက ပြောဆို

အိန္ဒိယ မြန်မာနှစ်နိုင်ငံ ပူးပေါင်း အကောင်ထည်ဖော်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဟာ ချင်းပြည်နယ် အကျိုးစီးပွားအတွက် ရေရှည်အကျိုးပြုနိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ချင်းတိုးတက်ရေးပါတီ (CPP) က ပြောဆိုလိုက်ပါတယ်။

ချင်းတိုးတက်ရေးပါတီ (CPP) ဥက္ကဋ္ဌ ချင်းရေးရာဝန်ကြီး ပူးနိုးထန်ကပ် နဲ့ ချင်းသစ်တောရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့ ဦးဆောင်တဲ့ လေ့လာရေးအဖွဲ့ဟာ ဧပြီလ ၆ ရက်နေ့က ၁၀ ရက်နေ့အထိ ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဟာ ချင်းပြည်နယ်အတွက် အဓိကအားထားရမယ့် စီမံကိန်းတစ်ခုဖြစ်တယ်လို့ (CPP) ပါတီက ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်တာပါ။

(CPP) ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဦးရှိန်းထွန်းက “ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လူထုအတွက် အရမ်းထိခိုက်နစ်နာမှုမျိုးမရှိဘူး။ ချင်းတိုးတက်ရေးပါတီ အနေနဲ့ကတော့ လက်ရှိ ဆောက်လုပ်နေဆဲကို ထပ်ပြီးတော့ ဆောက်စေချင်တယ်။ ထောက်ခံတယ် ’’ လို့ပြောပါတယ်။

ဒီစီမံကိန်းကြောင့် စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာမှာဖြစ်သလို ချင်းပြည်နယ် အစိုးရအတွက်လည်း အခွန်ကောက်ခံမှုနဲ့ ဝင်ငွေကောင်းလာမှာဖြစ်တယ်။ ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန်ကောင်းတဲ့ အလားအလာတစ်ခုပါပဲလို့ ဦးရှိန်းထွန်းက ပြောပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် ကုန်ကျမယ့် ကုလားတန်မြစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ မြန်မာအစိုးရတို့က ၂၀၀၈ ခုနှစ် ဧပြီလက သဘောတူ စာချုပ်ဆိုခဲ့ကြပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည်တွေကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားပါတီ CNP က ပြုလုပ်ခဲ့တဲ့ ကွင်းဆင်းလေ့လာချက်မှာတော့ စီမံကိန်းလုပ်ဆောင်ရာမှာ ပွင့်လင်း မြင်သာမှုမရှိကြောင်း၊ ကုလားတန်မြစ်ကို အားထား အသက်မွေးဝမ်းကြောင်း ပြုနေသူ ရွာသားတွေအတွက် ထိခိုက်မှုရှိနိုင်ကြောင်း တင်ပြထားပါတယ်။

ဒီစီမံကိန်းအရ ကုလားတန်မြစ်ကိုချဲ့ပြီး စစ်တွေမှ ပလက်ဝကို ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မှာဖြစ်ပြီး ပလက်ဝက တဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် ဆက်သွယ်မှာဖြစ်ကြောင်း သိရပါတယ်။