ကလော မြေပြိုမှုမှာ သေဆုံးသူ ၁ဂ ဦးရှိနေ


2013.05.04
kalaw-landslide-305.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ မေလ ၁ ရက်နေ့က မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် ပြိုကြပျက်စီးနေတဲ့ ရွှေတွင်း တစ်တွင်းပုံ
Photo: RFA

ရှမ်းပြည်နယ်၊ ကလောမြို့မှာ မေ ၁ ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ကျဆင်းမှုကြောင့် ရွှေတွင်းထဲပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နေရာမှာ ဒီကနေ့မနက်ပိုင်းက အလောင်းနှစ်လောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။

မနေ့ကရရှိခဲ့တဲ့ သတင်းတွေအရ သေဆုံးခဲ့တဲ့သူ ၁၆ ဦး ရှိခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁၈ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကလောမြို့ကနေ  ၁၆ မိုင်လောက်ဝေးတဲ့ ရွှေမင်းကုန်းကျေးရွာ အုပ်စုမှာရှိတဲ့ တောင်ပတ်ရွာနားက ရွှေတောင် ကြား ရွှေတူးလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။

တွင်းထဲပိတ်မိနေသူတွေကို ထုတ်ယူဖို့ အခက်အခဲရှိပေမယ့် ဆက်လက်ကြိုးပမ်းဆယ်ယူနေကြဆဲပဲလို့ ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုသိန်းဇော်က RFA ကိုပြောပါတယ်။

“ဒီနေ့နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် ဒီနေ့မနက်တော့ နှစ်လောင်း ထပ်ထွက်တယ်လေ၊ မိုးတွေကလည်းများလာတော့ ဘယ်အချိန်ရောက်မလဲတော့ မသိသေးဘူး၊ ကျွင်းတွေထဲမှာလည်း ရှိနေသေးတယ်၊ ကျနော်တို့ဒီမှာ နှစ်ပိုင်းရှိတယ်ဗျ၊ ရွှေမင်းကုန်းဒေသက နှစ်ပိုင်းဖြစ်တယ်လေ၊ ကလောအုပ်စုထဲမှာက ရွှေမင်းကုန်းပါတယ်၊ ကျနော်တို့အခု ဒီအာရှကမ္ဘာမြေရဲ့ Asai World ရဲ့ပိုင်ဆိုင်မှုက သာစည်နယ်ထဲပါတယ်၊ ရှမ်းပြည်နယ်ထဲပါတယ်၊ အခုကရှမ်းပြည်နယ်ထဲမှာ သေတဲ့ဟာတွေ၊ အခုအဲ့ဒီတောင်ကျရေက သာစည်နယ်ထဲအထိ သဲချောင်းအတိုင်း ဆင်းသွားတယ်ဆိုတော့ အောက်မှာသေတဲ့လူတွေက ဒီသာစည်နယ်ထဲ ရောက်သွားတာပေါ့၊ အဲဒီဘက်မှာသေတဲ့လူက ကျနော်တို့ဘက်တက်မလာဘူး”

အာရှကမ္ဘာမြေ ရွှေတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ Golden Star လုပ်ကွက်တွင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ အဲဒီရွှေတွင်းတွေမှာ လာရောက်လုပ်ကိုင်ကြသူအများစုဟာ တစ်ခြားအရပ်ဒေသတွေက လာရောက်လုပ်ကိုင်ကြတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

တွင်းတွေထဲ ပိတ်မိနေသူတွေ နောက်ထပ် ဘယ်နှစ်ဦး ကျန်နေသေးတယ်ဆိုတာ ခန့်မှန်းလို့မရပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အဆက်မပြတ် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။