ကလေးမှာ အလုပ်လက်မဲ့တွေ ဆန္ဒပြ


2016.05.25

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က ကုန်တင်ကုန်ချလုပ်သားတွေ၊ သစ်စက်လုပ်သားတွေနဲ့ အနှေးယာဉ်လုပ်သား စုစုပေါင်း ၃၀၀ နီးပါးက အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။

ကုန်တင်ကုန်ချလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်တာ တစ်နှစ်ကျော်နေပြီဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကုန်တင်ကုန်ချ အလုပ်သမား ကိုနဂါး က ပြောပါတယ်။

"ကျနော်တို့ ကုန်တင်ကုန်ချ မှတ်ပုံတင် အလုပ်သမားတွေပေါ့နော်၊ ၂ဝ၁၅ သုံးလပိုင်းကနေ ငါးလပိုင်းအထိ အလုပ်လက်မဲ့အနေနဲ့ နေနေရတယ်၊ ၂ဝ၁၅ သုံးလပိုင်းလောက်က ပြောင်းရွှေ့လာတဲ့ ဦးစီးအရာရှိ တစ်ယောက်က ကျနော်တို့ကလေးမြို့မှာ ဂိတ် ၁၃ ဂိတ်ရှိတာ တစ်ဂိတ်ကို တစ်လကို တစ်သိန်း၊ ရှစ်သောင်း ၊ ခြောက်သောင်းပေါ့နော်၊ အဲ့လိုသူတို့က တောင်းလိုက်တာ ဂိတ်တွေက သူတို့အလုပ်သမားတွေကိုထားပြီး ကျနော်တို့ ကုန်တင်ကုန်ချ အလုပ်သမားတွေကို မခိုင်းတော့ဘူးပေါ့၊ မိသားစုတွေ စားဝတ်နေရေး အဆင်မပြေဘူး"

ကလေးမြို့က အစိုးရရဲ့ ပြည်တွင်း ကုန်တင်ကုန်ချဌာနမှာ မှတ်ပုံတင်ထားတဲ့ လုပ်သားတွေဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီး လုပ်သားအားလုံးရဲ့နေ့စဉ်လုပ်အားခရဲ့၆ ရာခိုင်နှုန်းကို အစိုးရဘဏ်မှာ ငွေစုကြရတာဖြစ်ပြီး လက်ရှိမှာ စားဝတ်နေရေးခက်ခဲနေတဲ့အတွက် အဲဒီစုငွေတွေကို ထုတ်ပေးဖို့ လည်း တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကလေးမြို့ ရေကြီးပြီးနောက်ပိုင်း သစ်စက်တချို့ပိတ်သိမ်းခဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ သစ်စက်အလုပ်သမားတွေကလည်း အလုပ်အကိုင်ရရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

ကလေးမြို့မှာ စည်ပင်သာယာရေးကော်မတီက ဘေးတွဲဆိုင်ကယ်တွေကို တရားဝင်လိုင်စင်ထုတ် မပေးတဲ့အတွက် လိုင်စင်တွေထုတ်ပေးဖို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေနဲ့ အတူ အထက်ချင်းတွင်းလူငယ်ကွန်ရက်က ကလေးမြို့ကို လှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။