ကန့်ဘလူမြို့နယ် အခြေအနေ တည်ငြိမ်စပြု

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရဲ့ အခြေနေတွေဟာ တည်ငြိမ်နေပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ထန်းကုန်းကျေးရွာမှာ ရှိတဲ့ အာရဗီ သိပ္ပံဆိုတဲ့ အာရဗီ စာသင်ကျောင်းမှာ နေရာချထားပေးတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့က ထန်းကုန်း ကျေးရွာမှာ အမျိုးသမီးတစ်ဦးကို အစ္စလာမ် ဘာသာဝင် လူငယ် တစ်ဦးက အနိုင်အထက်ပြုဖို့ ကြိုးစားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်၊ လူတစ်စုက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီအကြမ်းဖက်မှုကြောင့် လူအသေပျောက် မရှိခဲ့ပေမယ့် နေအိမ် ၄၈ လုံးနဲ့ မီးလောင်ခံရပြီး ဆိုင်ခန်း ၁၃ ခန်း ဖျက်ဆီးခံရသလို လူ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ လူငယ် တစ်ဦး နဲ့ အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုမှာ ပါဝင်သူ ၁၁ ဦး ကို ရွှေဘို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကန့်ဘလူရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။