မြဝတီမြို့နယ် ဝှေ့ရှမ်းကျေးရွာနဲ့ မဲ့ပလဲ့ကျေးရွာတွေမှာရှိတဲ့ တောင်သူ ၆၂ ဦးပိုင် လယ်ယာမြေ ၃၀၀.၄ ဧကကို အမှတ် (၁၀၁၇) ဒီကေဘီအေ နယ်ခြားစောင့်တပ်က ၂၀၁၁ ခုနှစ်အတွင်း သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ကရင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြ အကူအညီ တောင်းခံခဲ့ပေမယ့် တစုံတရာ အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ သိရပါတယ်။
လယ်သမားတွေ အနေနဲ့ မနက်ဖြန်မှာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပြီး မိမိတို့ လယ်မြေတွေ ပြန်လည် ရရှိတဲ့အထိ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ တောင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"ကျွန်မတို့ လယ်သမားတွေက လယ်ပဲလုပ်စားရတဲ့အတွက် ဒီလယ်မြေလေးတွေကိုပဲ အားကိုးနေရတယ်။ ဘိုးစဉ်ဘောင်ဆက်၊ ဓားမဦးချ ချုံပုတ်ကနေစပြီး လယ်ဖြစ်လာအောင် မနည်းကြိုးစားခဲ့ရတယ်။ ချွေးတွေ၊ သွေးတွေ၊ ငွေကြေးတွေအတွက်၊ ဒီလယ်သမားတွေကို သနားငဲ့ညှာသောအားဖြင့် ဒီလယ်တွေ အကုန်လုံး လုပ်ကိုင် စားသောက်ဖို့ ပြန်လည် ပေးစေချင်တယ်။ ပေးလိမ့်မယ်လို့လည်း မျှော်လင့်တယ်။ မျှော်လင့်သလို မဖြစ်လာရင်လည်း ကျွန်မတို့က ဖြစ်လာအောင်တော့ ကြိုးစားရမှာပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကြိုးစားယူရမှာပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းပေါ့။ အဲဒီလိုမျိုးတွေတော့ ပြဖို့ရှိတယ်"
အဲဒီ နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းဟာ သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်တာ၊ လမ်းဖောက်လုပ်တာတွေကြောင့် တောင်ယာစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှု ရှိတဲ့အတွက် နစ်နာကြေး ဒါမှမဟုတ် အစားထိုး မြေနေရာတွေ ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ တင်ပြကြမယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ လယ်ယာမြေ သိမ်းယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပြီး လယ်သမားတွေက အထက်အာဏာပိုင်တွေထံ တိုင်တန်းထားတဲ့ လယ်သိမ်းမှု ၁၇ မှု ရှိတယ်လို့လည်း သိရပါတယ်။
