ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည် နယ်မှာ တိုက်ပွဲတွေဖြစ်ပွား


2015.02.27
karen_dkba_troops_305_z ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့ ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း  နမ်းခမ်းမြို့နယ် ပန်ဆေးဒေသ မှာ အစိုးရတပ်တွေနဲ့ တအာင်းလွတ်မြောက်ရေး PSLF/ TNLA တပ်တွေ ဒီကနေ့ တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေတယ်လို့ တအာင်း လွတ်မြောက်ရေးတပ်ကပြော ပါတယ်။

တိုက်ပွဲတွေဟာ တစ်နေရာထဲမှာမဟုတ်ပဲ နေရာ ကွဲပြီးဖြစ်ပွားနေတယ်လို့ TNLA အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

"နမ့်ခမ်းမြို့ထဲကနေ တပ်မ ၈၈ အဖွဲ့တွေတက်လာလည်းရှိတယ်၊ ဆိုတော့အဲ့ဒီမှာ ကျနော်တို့ တိုက်ပွဲဖြစ်လာတာလည်းရှိတာပေါ့၊ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ၂ ရက် ၃ ရက်ရှိပါပြီ၊ ဒီနေ့ကတော့ တိုက်ပွဲက နည်းနည်းအခြေအနေပြင်းပါတယ်၊ ၁၁ နာရီကနေဖြစ်တယ် ၂ နာရီ ၃ နာရီလောက်အထိကြာပါတယ်၊ တိုက်ပွဲကတော့ ၂ နေရာ ၃ နေရာဖြစ်ပါတယ်၊ နမ့်ခမ်းမြို့နဲ့ နည်းနည်းနီးတဲ့ မန်လုံရွာဘက်မှာလည်းဖြစ်တယ်၊ အပေါ်ဘက် ကျနော်တို့ ပန်းဆေးကြောမြစ် ပြီးလို့ရှိရင် ရွာနားလေးမှာရှိတဲ့ တရုတ်ရွာတွေနားမှာလည်း တိုက်ပွဲဖြစ်ပါတယ်၊ ဆိုတော့ တိုက်ပွဲနေရာက ၃ နေရာဖြစ်ပါတယ်၊ ဒီလိုတိုက်ပွဲဖြစ်ပြီၤဆိုရင်တော့ မြန်မာအစိုးရ တပ်မဘက်က လက်နက်ကြီးတွေကတော့ အဝေးကနေတော်တော်များများကို ဆက်တိုက်ပစ်တယ်"

ပန်းဆေးပြည်သူ့စစ်နဲ့ ရဲစခန်းအနီးမှာရှိတဲ့ ဘိန်းခင်းတွေကို TNLA တပ်တွေက ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝင်ရောက်ဖျက်ဆီးလိုက်တာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

တိုက်ပွဲမှာ TNLA ဘက်က တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄၃၄ နဲ့ ၆၈၃ တို့ ပါဝင်တိုက်ခိုက်နေပြီး အစိုးရဘက်က တပ်မ ၈၈ နဲ့ ၆၆ တို့ ပါဝင်တယ်လို့ ဆိုပါတယ်။နမ်ခမ်းမြို့နယ်က တိုက်ပွဲတွေဟာ ကိုးကန့်နယ်က တိုက်ပွဲတွေနဲ့ ဆက်စပ်မူမရှိဘူးလို့ ဆိုပါတယ်။ ကိုးကန့်နယ် လောက်ကိုင်မြို့ အနီးပတ်ဝန်းကျင်မှာတော့ ဒီနေ့ တိုက်ပွဲသံတွေမကြားရပဲ အစိုးရတပ်၊ တပ်မ ၃၃ က  နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ DKBA တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲ အဇင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ KIC ကရင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIC တာဝန်ခံ နန်းဖောဂေ ကခုလိုပြော ပါတယ်။

"DKBA တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်ဖွဲ့နဲ့ပေါ့နော် ဒီအစိုးရတပ်ကနေပြီးတော့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ ကျမတို့ ဒီသတင်းတိုလေးကိုပေါ့နော် ဒီ DKBA က စစ်ဦးစီး ဒုတိယတန်းကို ကျမတို့ မေးမြန်းပြီးတော့ အတည်ပြုတာဖြစ်သလို တစ်ဘက်မှာလည်း ဆယ်တန်းအရာရှိတစ်ဦးကိုလည်း ကျမတို့ ထပ်ပြီးတော့မေးပြီးတော့ အတည်ပြုထားတာပေါ့နော်၊ အဲ့ဒါကြောင့််မို့ လောလောဆယ်တော့ အသေးစိပ်ကိုမသိရသေးပေမယ့်လည်း ရရှိတဲ့သတင်းအချက်အလက်မျိုးတော့ ကျမတို့ တင်ပြထား တာရှိတယ်"

တိုက်ပွဲမှာ အစိုးရတပ်တွေဘက်က တိုက်ခိုက်ခဲ့တာဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာန စကစ ၁၃ လက်အောက်ခံ တပ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်ဖွဲ့အနေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေထဲက ဘယ်အဖွဲ့ကို ကိုယ်စားပြုတိုက်ခိုက်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။