(၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ ယခင် ဒီကေဘီအေ ဦးဆောင် ကျင်းပ

ဒီကနေ့ကျရောက်တဲ့ (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်ပြည်နယ် အတွင်းမှာ ယခင် ဒီကေဘီအေ နဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့က ဦးဆောင် ကျင်းပခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသား (၂၀၀၀) ကျော် တက်ရောက်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ထိုမြို့နယ်ခွဲ ပူရေကျေးရွာမှာ ယခင် ဒီကေဘီအေ အမှတ် (၉၀၂) တပ်ရင်းက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယခင် ဒီကေဘီအေ အဖြစ် မိခင်ကေအဲန်ယူ ကနေ ခွဲထွက်ခဲ့ပြီး နောက်ပိုင်း နှစ်ပေါင်း (၁၈) နှစ်ကျော်ကြာ တရားဝင် မကျင်းပနိုင်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ဒီကနေ့ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို တိုးတက်သော ဒီမိုကရေစီ ကရင့် အမျိုးသားတပ်မတော် (DKBA) ရဲ့ ဒုတိယ ဗိုလ်မှူးကြီး စောစန်းအောင်က အခုလို ပြောပါတယ်။

"အဓိက ရည်ရွယ်ချက်က ကျနော်တို့ စောဘဦးကြီးက ကရင့်ခေါင်းဆောင်ကောင်းပီသတယ်။ ကရင်အမျိုးသား အပေါ် သစ္စာရှိရှိပေါ့လေ။ မူလေးချက်ကို ချမှတ်ပြီးလုပ်ဆောင်တယ်။ ကျဆုံးတဲ့ သြဂုတ်လ (၁၂) ရက်နေ့ရောက်တိုင်း ကရင့်အာဇာနည်နေ့လို့ ကျနော်တို့ သတ်မှတ်တယ်။ စောဘဦးကြီးနှင့် တကွ ဗိုလ်ချုပ်စိုင်းကေ အပေါင်းအပါ တပ်ဗိုလ်တပ်မှူး ရဲဘော်တွေကိုပေါ့လေ။ ကျနော်တို့ အာဇာနည်နေ့မှာ သူတို့ပြန်ပြီးတော့ ဂုဏ်ပြုဦးညွတ် အလေးပြုတယ်ပေါ့။"

ကရင့် အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တာမလာဘောက သဝဏ်လွှာ ပေးပို့ခဲ့သလို ကရင်အဖွဲ့အစည်း အသီးသီးကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ကရင်ခေါင်းဆောင်တွေရဲ့ သဝဏ်လွှာတွေထဲက အဓိက အကြောင်းအရာနဲ့ ပတ်သက်လို့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) ရဲ့ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ပြောပါတယ်။

"အာဇာနည်နေ့မှာ ဒီနေ့ ခေါင်းဆောင်တွေ ပြောကြားတာကတော့ အခုချိန်က အပစ်ခတ်ရပ်စဲ ရေးကာလပဲ ဖြစ်သေးတယ်။ ထာဝရငြိမ်းချမ်းရေးက မရရှိသေးဘူး။ အဲဒီထာဝရ ငြိမ်းချမ်းရေး မရရှိသေးတဲ့အပေါ်မှာ စောဘဦးကြီးရဲ့ မူလေးချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီးတော့မှ ကျနော်တို့ ထာဝရငြိမ်းချမ်းရေးကို ဆက်ပြီးတော့ လျှောက်လှမ်းသွားဖို့အတွက် အဓိက ဇောင်းပေးပြီးတော့ ပြောသွားတာပါ။"

ကရင့် အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကတော့ (၁) ကရင်တွေ လက်နက်ချစကား မပြောရ။ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။ (၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။ (၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ် ဆိုတဲ့အချက်တွေကို ကိုင်စွဲပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဒီကနေ့ ကရင့်အာဇာနည်နေ့မှာ ကရင်ခေါင်းဆောင်တွေက ကရင်တိုင်းရင်းသား ပြည်သူတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။