ကရင်အမျိုးသားတွေကို ကိုယ်စားပြုပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကရင်နိုင်ငံရေးပါတီ ၅ခု ပူးပေါင်းပြီး ဒီနှစ်အတွင်း ပါတီတစ်ခုတည်းဖြစ်အောင် ဖွဲ့စည်းသွားမယ်လို့ သဘောထား ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပါတီတစ်ခုတည်း ပေါင်းစည်းရေးကော်မတီကို မနေ့က ဖွဲ့စည်းပြီး နိုင်ငံရေးပါတီတစ်ခုအဖြစ် ဖဲ့ွစည်းဖို့ သဘောတူလိုက်တာလို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးမန်းအောင်ပြည်စိုးက ပြောပါတယ်။
"တစ်နှစ်အတွင်း စီမံဆောင်ရွက်မယ်လေ၊ တစ်ပါတီကို ၆ ဦးစီနဲ့ ပါတီ ၅ ခုက အဖွဲ့ဝင် ၃ဝ ပါတဲ့ ပူးပေါင်းဆောင်ရွက်ရေးကော်မတီပေါ့၊ ကရင်တစ်ပါတီတည်း ဖြစ်ပေါ်ပူးပေါင်းရေးကော်မတီကို ဖွဲ့မယ်လေ၊ အဲ့ကော်မတီက နောက်လမှ အစည်းအဝေးထိုင်ဖြစ်မယ်"
ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ခုက နိုင်ငံရေးပါတီတစ်ခုတည်း ဖြစ်အောင်ပူးပေါင်းဖို့ သဘောတူလိုက်တာဖြစ်ပါတယ်။
မနေ့က အဲဒီပါတီ ၅ ပါတီ ပူးပေါင်းပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မနေ့ကကျင်းပတဲ့ ဆွေးနွေးပွဲကနေ ကရင်ပြည်နယ်မှာ အသုံးများနေတဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးမယ့် အစိုးရရဲ့ အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့နဲ့ လိုင်စင်မဲ့ကားတွေကို သင့်တော်တဲ့ အခကြေးငွေနဲ့ လိုင်စင်ပြုလုပ်ပေးဖို့ကို ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
