ကရင်တစ်မျိုးသားလုံး စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေး လူထုဆွေးနွေးပွဲ ကျင်းပ


2013.10.27

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က သောင်ရင်းခန်းမမှာ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ပြီး ဒီေနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီလူထုဆွေးနွေးပွဲမှာ ကရင်အမျိုးသားအားလုံး စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးတည်ဆောက်ရေးစတဲ့ အချက် ၅ ချက်ပါဆွေးနွေးပွဲ သဘောတူညီချက်ကို အတည်ပြုနိုင်ခဲ့တယ်လို့ ကရင်အမျိုးသား စည်းလုံးရေနှင့် ငြိမ်းချမ်းရေးကော်မတီ KUPC ရဲ့ ဗဟိုကော်မတီဝင် ဒေါက်တာစောဌေးမြင့်က အခုလိုပြောပါတယ်။

“တိုင်းရင်းသားများအတွက် အာမခံချက်မရှိသည့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်မရှိသည့် ဥပဒေမျိုးကို ကရင်အမျိုးသားများမှ လက်ခံမည်မဟုတ်ဘဲ အာမခံချက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေရှိရန် လိုအပ်ပါသည်၊ ကရင်လက်နက်ကိုင်များ ညီညွတ်ရေးအတွက် ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားကို ရှေ့ရှုကာကွယ်စေသော စောဘဦးကြီး၏ မူလေးချက်ကို လက်ကိုင်ထားသော ကရင်အမျိုးသားတပ်မတော်အဖြစ ်တည်ဆောက်ရန်ဖြစ်ပါသည်၊ ကရင်နိုင်ငံရေးပါတီများ အနေဖြင့်၎င်းတို့၏ မူဘောင်များကို ကရင်တမျိုးသားလုံးတိုးတက်ရေးကို ဦးတည်ထားရှိ၍ ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ညီညွတ်ရေးကို ရရှိအောင်ဆောင်ရွက်ရန်ဖြစ်ပါသည်”

ဒီလိုစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လူထုတွေ့ဆုံ ဆွေနွေးပွဲတွေကို ကရင်ပြည်နယ်အတွင်းက လှိုင်ဘ့ွဲ၊ ဘားအံမြို့တွေမှာလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ကျင်းပရတဲ့ရည်ရွယ်ချက်ကိုတော့  လူထုဆွေးနွေပွဲတွေမှာ သဘာပတိချုပ်တာဝန်ယူဆောင်ရွက်နေတဲ့ ဘားအံမြို့ သုမေဓါရာမ ကြားတောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အရှင်စန္ဒာဝရ အခုလိုမိန့်ပါတယ်။

“ရည်ရွယ်ချက်ကတော့ ကရင်အမျိုးသားအချင်းချင်းလည်း စည်းလုံးစေရမယ်၊ ကရင်အမျိုးသားနဲ့အတူပဲ မြန်မာပြည်ဖွား တိုင်းရင်းသားတွေလည်း အတူတူပေါင်းစည်းနေထိုင်ဖို့အတွက် တစ်ဦးငြိမ်းချမ်းရေးကနေစပြီးတော့ အဲဒါ တစ်ဆွေလုံးတစ်မျိုးလုံး တစ်ပြည်လုံး တစ်တိုင်းလုံး ဦးဇင်းတို့ တကယ်ရည်ရွယ်ချက်နဲ့လုပ်တာပါ”

ကရင်လူထုတွေရဲ့ စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးလိုလာချက်တွေ ထင်ထင်ရှားရှားတွေ့ရတယ်လို့ လူထုဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က အခုလိုပြောပါတယ်။

“ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်းတွေကို ပြည်လည်စုစည်းဖို့ဆိုတာ တက်လာတဲ့ လူထုကိုယ်စားလှယ်တွေက အယောက်တိုင်းလိုလိုပြောတဲ့အခါကြတော့ စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ဆန္ဒကတော့ ထင်ထင်ရှားရှားတွေ့ရတယ်၊ ကျနော်တို့ လူထုရဲ့အခက်အခဲတွေကတော့ ပြည်တွင်းစစ်ဒဏ်ရဲ့အကျိုးဆက်တွေပေါ့၊ ကျနော်တို့က ငြိမ်းချမ်းရေးကိုမခိုင်မာပဲနဲ့ ပြည်တွင်းစစ်ကို မရပ်စဲနိုင်ပဲနဲ့ ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ယုံကြည်တယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်မိပါတယ်”

ဒီဆွေးနွေးပွဲကို မြဝတီဒေသနဲ့ ထိုင်းဘက်ခြမ်း မဲဆောက်ဒေသတွင်းမှာရှိတဲ့ ကရင်ကျေးရွာလူထုကိုယ်စားလှယ်တွေ၊ သံဃာတော်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဗဟိုကော်မတီဝင်တွေ၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းတွေက တာဝန်ရှိသူတွေ ကရင်နိုင်ငံရေးပါတီတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ကရင်စာပေနဲ့ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းစတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။