ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများ ကျင်းပ

0:00 / 0:00

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို ကရင်တိုင်းရင်းသားတွေ အဓိကနေထိုင်ကြတဲ့ ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဒီနေ့ဝါခေါင်လပြည့်နေ့မှာ ကျင်းပကြပါတယ်။

မြဝတီမြို့ သမဂ္ဂသုခ ဘေးမဲ့ကျောင်းတိုက်မှာ ဒီနေ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပတာနဲ့ပတ်သတ်ပြီး ပွဲကျင်းပရေးနာယက ဦးစောဘတိုးက RFA ကို ခုလိုပြောပါတယ်။

“အဖိုးအဖွား ၇ ယောက် လင်စုံမယားစုံပေါ့နော်၊ တစ်လင်တစ်မယားစနစ် အဖိုးကအသက်ကြီးလေ ပိုကောင်းလေပေါ့နော်၊ အဲလိုသတ်မှတ်ကြတာပေါ့၊ သူတို့တွေက လိပ်ပြာခေါ်ပေးတယ်၊ ကျနော်တို့တွေက အခမ်းအနားစတော့မယ်ဆိုရင် ရုပ်ချောတဲ့အမျိုးသမီး ၇ ယောက်နဲ့ ကာလသားထဲက ရုပ်ချောချောလေး ၇ ယောက်ကို အဖိုးအဖွားရှေ့မှာထိုင်ပြီးတော့ လိပြာခေါ်ပေးတယ်လေ၊ အဖိုး ၇ ယောက်က မြေးမချောချောလေး ၇ ယောက်ကို ချည်ပေးတယ်၊ အဖွား ၇ ယောက်က မြေးချောချောလေး ၇ ယောက်ကိုချည်ပေးတယ်”

ကရင်တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွှတ်မှုရှိစေတယ်ဆိုတဲ့ အမှတ်အသားတစ်ခုအနေနဲ့ လက်မှာချည်ဖြူဝတ်ထားခြင်းဖြင့် သိနိုင်စေဖို့၊ မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် လိပ်ပြာပြန်ခေါ်ဖို့စတဲ့ ယုံကြည်မှုတွေနဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွေကို ကျင်းပတာဖြစ်တယ်လို့ ပြောကြပါတယ်။

အခုလို ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်လောက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့ခေတ် လူငယ်တွေကလည်း ရိုးရာယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် ကျင်းပကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအခမ်းအနားတွေကို ပြည်ပရောက် ကရင်တိုင်းရင်းသားတွေကလည်း ရိုးရာဓလေ့အတိုင်း ကျင်းပခဲ့ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ြမို့ တောရဘုန်းတော်ြကီးကျောင်းမှာလည်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတစ်ရပ်ကို ဒေသခံကရင်တိုင်းရင်းသားတွေစုပေါင်းပြီး ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကျင်းပရတာနဲ့ ပတ်သက်လို့ အခမ်းအနား သဘာပတိ ဆရာြကီး မန်းရွှေနှင်းက အခုလိုပြောပါတယ်။

"ဒီချည်ဖြုဖွဲ့မင်္ဂလာ ကျင်းပခြင်းအားဖြင့် ဒီချည်ဖြူ ကိုယ့်လက်ကို ရောက်လာခြင်းအားဖြင့် ကိုယ့်ကရင် အမျိုးသားတွေကိုလည်း ချစ်မြတ်နိုးဖို့၊ စုစည်းဖို့၊ ညီညွှတ်ဖို့၊ စည်းလုံးဖို့ လိုအပ်သလို အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့လည်းပဲ အတူတကွ စည်းစည်းလုံးလုံး နေ ထိုင ်သွားနိုင်ဖို့ဆိုတဲ့ သတိတွေကိုလည်းပေးစေတဲ့ ချည်ဖြူမင်္ဂလာဖြစ်ပါတယ်၊ ကိုယ့်ကရင်အမျိုးသားတွေ ရဲ့ စာပေယဉ်ကျေး မှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကို မမေ့မပျောက်အောင်ရယ်၊ ထိန်းသိမ်းဖော်ထုတ်သွားအောင်ရယ် ဆိုပြီးတော့ ကျနော်တို့ ဒီချည်ဖြူဖွဲ့မင်္ဂလာကို ကျင်းပရခြင်းဖြစ်ပါတယ်"

ဒီအခမ်းအနားမှာ ကရင်ဒုံယိမ်းအက၊ ကရင်ရိုးရာအဆိုအတီးတွေနဲ့ ဖျော်ဖြေခဲ့သလို ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်ကပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါတယ်။

အဲဒီသဝဏ်လွှာထဲမှာ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဟာ ဘာသာရေးကို အခြေခံတဲ့ပွဲတော်မဟုတ်ဘဲ ကရင်အမျိုးသားများနှင့် ဆက်နွယ်ပတ်သက်လာသည့် စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ်ဖြစ်တာကြောင့် ဒီယဉ်ကျေးမှုကို ဖော်ထုတ်တာဟာ မိမိတို့လူမျိုးဂုဏ်သိက္ခာကို ထိန်သိမ်းကာကွယ်စောင့်ရှောက်တာဖြစ်ကြောင်း၊ မျိုးချစ်စိတ်နဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ထုတ်ပေးတဲ့ အနှစ်သာရရှိတဲ့ ပွဲတော်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အခမ်းအနားကို ဒေသတွင်း ကရင်တိုင်းရင်းသားတွေနဲ့ စိတ်ဝင်းစားတဲ့ အခြားတိုင်းရင်းသားတွေ၊ နိုင်ငံခြားသားတွေ၊ အထက်တန်းကျောင်းသူကျောင်းသားတွေ အပါအဝင် စုစုပေါင်းအင်အား သုံးထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသြကီးက မြို့တွေမှာ ကျင်းပခဲ့တဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။