တနေ့တာ အပစ်အခတ်ရပ်စဲရေး KNU တောင်းဆို

စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ စစ်အစိုးရတပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံး တပ်ဖွဲ့တွေကြား တနေ့တာ အပစ်အခတ်ရပ်စဲဖို့ KNU အဖွဲ့က စက်တင်ဘာ ၁၅ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

0:00 / 0:00

အခုလို တောင်းဆိုရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်သာကပေါက RFA ကို ရှင်းပြပါတယ်။

“ကြေညာချက်ကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေက ဆော်သြတာပေါ့။ International Peace Day ငြိမ်းချမ်းတဲ့နေ့ဆိုတော့ အဲဒါကို ပြန်လည် သတိရကြဖို့ပေါ့၊ ဘာပဲဖြစ်ဖြစ် စတိ အပစ်အခတ်ရပ်ဖို့ တပ်တွေကတော့ ညွှန်ကြားထားပါတယ်။ ညွှန်ကြားတယ်ဆိုတာ တပ်မဟာ အသီးသီးပေါ့၊ ဒီနေ့ ဒီနေ့ ဒို့အပစ်အခတ်ရပ်၊ စစ်လှုပ်ရှားမှု မရှိရင် မင်းတို့ ဘာမှ မပစ်မခတ်နဲ့ပေါ့။ စစ်ရေးအရ လှုပ်ရှားမှု ရှိရင် ပစ်ခတ်ရမှာပေါ့။”

စက်တင်ဘာ ၁၅ ရက် ဒီကနေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်တဲ့ KNU အဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ KNUဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ခုခံစစ်ကိုသာ ဆင်နွှဲနေရတာ ဖြစ်ကြောင်း ၊ ကုလသမဂ္ဂကို လေးစားလိုက်နာတဲ့အနေနဲ့ရော ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တဲ့ ဆန္ဒနဲ့ပါ အခုလို တနေ့တာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုရတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတာဟာ KNU အဖွဲ့အနေနဲ့ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းလိုတာကို ပြသနေတာပဲ ဖြစ်ကြောင်း ၊ စစ်အစိုးရနဲ့ KNUအဖွဲ့တို့ကြား တွေ့ဆုံဆွေးနွေးရေးကို အမြဲတစေ တံခါးဖွင့်ထားကြောင်း KNU အဖွဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်သာကပေါနဲ့ RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်