ကရင်နီဒုက္ခသည်စခန်း မီးလောင်မှု လူ ၁ ဦးသေဆုံး


2013.12.28

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာ ဒီကနေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ အဖွားအိုတစ်ဦး သေဆုံးပြီး အိမ်ခြေ ၂၀ နီးပါး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့နေရာကတော့ အမှတ် ၁ ဒုက္ခသည်စခန်းက ရပ်ကွက် ၂ ထဲမှာရှိတဲ့ နေအိမ်တစ်လုံးကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ်က ပြောဆိုပါတယ်။

"အိမ်တစ်အိမ်ကနေ စလောင်တယ်လို့ ပြောတယ်၊ အဲ့ဒီလူက သူဘထ္ထရီကို မီးနဲ့ချက်တယ်ဆိုလား ဘယ်လိုဆိုလဲမသိဘူး၊ အဲ့ကနေ စလောင်တာလားတော့ မပြောတတ်ဘူး၊ ဘေးအိမ်ကလူတွေ့လိုက်တာကတော့ ခေါင်းမိုးပေါ်ကနေ မီးကူးဆက်တာတော့ တွေ့ရာကနေပြီးတော့ မီးကနေ စလောင်တယ်လို့ ပြောတာပါပဲ၊ ၁၈ လုံး လောင်သွားတယ်၊ ၁၃ လုံးကတော့ ဖျက်ချလိုက်တယ် နောက် အဖွားအိုတစ်ယောက် ဆုံးသွားတာပေါ့နော်၊ အသက် ၇၀ ဝန်းကျင်လောက်တော့ရှိပြီး ကျန်တာတော့ ဘာမှမဖြစ်ဘူးလို့ ပြောတာပဲ"


မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာကို ထိုင်းအာဏာပိုင်တွေအပါအဝင် ဒုက္ခသည် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ သွားရောက်ကူညီပေးနေတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေ မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KNRC ကရင်နီဒုက္ခသည် ကော်မတီရုံးကို ဆက်သွယ်မေးမြန်းရာ မီးလောင်မှုဖြစ်ပွားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး တာဝန်ရှိသူတွေ ဒုက္ခသည်စခန်းထဲ အကူအညီသွားပေးနေတဲ့အတွက် အသေးစိတ်မသိရသေးကြောင်းသာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၂ မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အိမ်ခြေ ၄၀၀ လောက် မီးဘေးသင့်ခဲ့ပြီး ဒုက္ခသည် ၄၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။