ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ ဒီကနေ့ နေ့လယ် ၁၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အိမ်ခြေရာနဲ့ချီ မီးလောင် ကျွမ်းခဲ့တဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း သိရပါတယ်။
ရပ်ကွက် (၁) မှာရှိတဲ့ ဆေးပေးခန်းအနီးတစ်ဝိုက်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ စခန်းကော်မတီ အတွင်းရေးမှူး ၃ တာဝန်ယူထားတဲ့ ခူးပိုးရယ် က RFA ကို ပြောပါတယ်။
“ရပ်ကွက် ၁ မှာက ကျနော်တို့ မြေပုံညွှန်းအတိုင်း ခန့်မှန်းခြေက ၉၆ အိမ်ပါသွားတယ်။ နောက်ပြီးတော့ ရပ်ကွက် ၁၂ မှာက ၅၆၊ ဒါပေမဲ့ အဲဒီ အတိအကျတော့ မဟုတ်ဘူး။ စာရင်းအတိအကျလိုချင်ရင် မနက်ဖြန်မှ ရမယ်နော်၊ ဒဏ်ရာရတာတော့ မကြားသေးဘူးပဲ၊ လူကတော့ ထောင်နဲ့ချီမယ်၊ အိမ်ခြေက ရပ်ကွက် ၂ ကွက်နဲ့ ပေါင်းလိုက်တော့ ၁၄၈ အိမ်လောက် ခန့်မှန်းခြေတော့ရှိမယ်၊ မီးတော့အကုန်လုံးတော့ မငြိမ်းနိုင်သေးဘူး”
မီးဘေးသင့်နေကြတဲ့ ဒုက္ခသည်တွေကို ရုံးတွေ၊ ဂိုဒေါင်တွေ၊ စာသင်ကျောင်းတွေမှာ နေရာချပေးထားပြီး စားသောက်စရာနဲ့ နေထိုင်စရာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အဖွားအိုတစ်ဦးသေဆုံးပြီး အိမ်ခြေ ၂၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။
၂၀၁၃ ခုနှစ် မတ်လထဲမှာပဲ ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးဘေးသင့်ခဲ့ပြီး ဒုက္ခသည် ၄၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
