စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်မှာ ကုမ္ပဏီ ၇ ခုက သိမ်းဆည်းထားတဲ့ ဥယျာဉ်ခြံမြေဧက တစ်သောင်းခြောက်ထောင်ကျော်ကို ပြန်လည်ရရှိဖို့ အတွက် တောင်သူလယ်သမား တစ်ရာကျော်က ကသာမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံလုံကျေးရွာနေ တောင်သူ ကိုနေဝင်းက အခုတောင်းဆိုမှုဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေတယ် လို့ ပြောပါတယ်။
"အသိမ်းခံလယ်ယာမြေဧက ၁၆၆ဝဝ ကျော်ရှိတယ်၊ အဲဒီ့လယ်ယာမြေတွေ ပြန်လည်ရရှိရေး ကျနော် တို့တောင်းဆိုတာပါ၊ တိုင်းရင်းသားလူမျိုးတွေအားလုံး လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ ငြိမ်းချမ်းရေးတွေရယ်၊ ကျနော်တို့ ဆင်းရဲသား တောင်သူလယ်သမားနဲ့ အလုပ်သမားလူတန်းစားတွေ အဖိနှိပ်ခံရ လို့ တောင်းဆိုနေတဲ့ ဆန္ဒပြတာတွေအားလုံးကို ငြိမ်းချမ်းရေးကိစ္စလို့ မြင်ပါတယ်ခင်ဗျ၊ အဲဒီ့ငြိမ်းချမ်းရေးကို လိုလားလို့ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆိုပြီးတော့ ကြွေးကြော်တာပါခင်ဗျာ"
အဲဒီ တောင်သူတွေက သူတု့ိရဲ့ဥယျာဉ်ခြံမြေတွေ ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့ ၂၀၁၂ နှစ်အတွင်းက ထီးချိုင့်မြို့နယ် အတွင်းက ဂရိတ်ဝေါကုမ္ပဏီရှေ့မှာ ၂ ကြိမ် ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ ကုမ္ပဏီနဲ့ အာဏာပိုင်တွေ က ဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ဒီနေ့ ကသာမြို့မှာ ထပ်မံဆန္ဒပြတောင်းဆို ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစပြီး ဂရိတ်ဝေါ၊ ဟွန်ဒါမြန်မာ၊ ဆိုင်နိုစကော့၊ ကျော်သာ စတဲ့ကုမ္ပဏီ ခုနှစ်ခုက ထီးချိုင့်မြို့နယ် မောင်းကုန်း၊ မြတောင်၊ ဆပ်ကျ၊ ပေါက်နက်၊ တုံလုံ စတဲ့ကျေးရွာ ၂၀ ကျော်မှာရှိတဲ့ ဥယျာဉ်ခြံမြေဧက တစ်သောင်းခြောက်ထောင်ကျော်ကို သိမ်းဆည်းခဲ့ရာမှာ သူတို့ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေး မရခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဥယျာဉ်ခြံမြေတွေကို သိမ်းဆည်းပြီးနောက် သစ်ပါးလွှာစက်ရုံတွေနဲ့ နီကယ်သတ္တု တူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
