ကော့ကရိတ်မြို့နယ် ပေါက်ကွဲမှု ၃ ဦးသေဆုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ်က ကွင်းခလောင်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ည က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

ကော့ဘိန်းတိုက်နယ် ကွင်းခလောင်ကျေးရွာက နေအိမ်တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက် ခဲယမ်းတွေရှိတယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိထားရကြောင်း ကော့ဘိန်းတိုက်နယ် ရဲစခန်းက ရဲအုပ်ဇော်လင်း က ပြောပါတယ်။

"ဖြစ်တာကတော့ ၂၂ ရက်နေ့ ည ၈ နာရီပေါ့၊ ဖြစ်စဉ်ကတော့ ကျနော်တို့သေချာမသိသေးဘူး၊ လက်နက်၊ ခဲယမ်းရှိတယ်ဆိုတာက သူရဲ့သမက်က အဖွဲ့အစည်းကလို့တော့ပြောတယ်၊ အတိအကျတော့ပြောလို့မရသေးဘူး၊ ဒါကလည်းဘယ်အဖွဲ့အစည်းကလည်းဆိုတာ လိုက်စုံစမ်းရဦးမှာ"

ပေါက်ကွဲမှုဖြစ်စဉ်က နေအိမ်မှာရှိနေသူ အမျိုးသား ၂ဦး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိထားသူ ၂ ဦးထဲက အမျိုးသား ၁ ဦးဟာ စိုးရိမ်ရတာကြောင့် မော်လမြိုင်ဆေးရုံးကို ပို့ဆောင်ထားပြီး ၁ ဦးကတော့ ကော့ဘိန်း တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။