ကော့သောင်းခရိုင် ကျေးရွာ ၉ ရွာတွင် အိမ်တချို့ရေနစ်မြုပ်

မြန်မာနိုင်ငံတောင်ဘက်စွန်းမှာ ၁၀ ရက်ကျော်ကျော် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ပါချန်မြစ်ရေ လျှံတက်လာပြီး ကော့သောင်းခရိုင် အရှေ့ဘက်ကမ်းရိုးတန်း ကျေးရွာတချို့ရှိ အိမ်တွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်။

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ကမ်းရိုးတန်းရွာတွေဖြစ်တဲ့ လုံးဖော၊ အေးချမ်းသာ၊ ဖောဆိုး၊ မာဒါ၊ ရေတွင်းတောင်ရွာ စတဲ့ ရွာတွေအပါအဝင် ရွာပေါင်းကိုးရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးမှုအခြေအနေကို ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် အေးချမ်းသာရွာသူ ဒေါ်တင်တင်နွဲ့က အခုလို ပြောပါတယ်။

"ရေကတော့ ကမ်းနားတန်းက အိမ်တွေကတော့ အကုန်လုံး ခေါင်တွေလည်း မြုပ်ကုန်ပြီ။ ပစ္စည်းတွေလည်း မျောတဲ့လူတွေလည်း မျောတယ်ပေါ့။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ ပြေးလို့လွတ်သွားတယ်။ အခုဖြစ်တဲ့နေရာက ခမောက်ကြီးမြို့နယ် အေးချမ်းသာကျေးရွာ၊ အဲဒီကျေးရွာ တစ်ရွာတည်းတင် မဟုတ်ဘူး။ လမ်းတလျှောက်လုံးပေါ။့ နယ်စပ်ဒေသ တောက်လျှောက်လုံးဆိုရင် ဆိတ်ကြီး၊ အုတ်စို့၊ အေးချမ်းသာကနေ ဟိုဘက် လုံးဖောအထိပေါ့။ အားလုံး ၉ ရွာလောက် ရှိတယ်။ အကုန်လုံးတော့ မမြုပ်ဘူး။ ကမ်းနားတန်းက အိမ်တွေမြုပ်တယ်။ မြေနိမ့်တဲ့ နေရာမှာ ရွာထဲဘက်မှာလည်း အဆင့်ထိုးပြီး နေရတယ်။ မြစ်ရေကြီးတာက ညတုန်းက စကြီးတယ်။ မနေ့တုန်းကတော့ ရေက ဒူးဆစ်လောက်ပဲ ရှိတယ်။ ဒူးဆစ်လောက်ကနေ အခုခေါင်တွေထိ ရောက်လာတာပေါ့"

ဒီရွာအားလုံးမှာ အနည်းဆုံးအိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပါတယ်။ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၇၀၀ ကျော်ရှိတဲ့ အေးချမ်းသာရွာမှာတော့ ကမ်းခြေနားနီးတဲ့ အိမ် ၅၀ နီးပါး ရေမြုပ်ခဲ့တယ်လို့ ဒေါ်တင်တင်နွဲ့က ပြောပါတယ်။

အလားတူ လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ဖောဆိုးရွာဟာ ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံရတယ်လို့ သိရပေမယ့် သွားလာဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူးလို့ အေးချမ်းသာက ဆရာမတဦးကလည်း ပြောပါတယ်။

မိုးအဆက်မပြတ် ရွာနေပြီး ရေစီးသန်နေတာကြောင့် အေးချမ်းသာရွာရှိ အလယ်တန်းကျောင်းကို ဒီနေ့ ပိတ်ထားရပြီး ရွာသူရွာသားတွေက ရေလွတ်ရာ အမြင့်ပိုင်းနေရာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

အဲဒီက ရေဘေးဒုက္ခသည်တွေဟာ ရွာရဲ့ စာသင်ကျောင်းနဲ့ ရွာဦးဘုန်းကြီးကျောင်းတို့မှာ ခိုလှုံနေကြပြီး ရေဘေးလွတ်တဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။ တချို့လည်း ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်း ကလပူရီဘက်မှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။