ကယားတောင်သူ ၅၀၀ လောက် လွိုင်ကော်မှာ ဆန္ဒပြ

ကယားပြည်နယ်မှာ အစိုးရတပ်မတော်က သိမ်းဆည်း ထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် တဲ့ တောင်သူတွေကို တရားစွဲဆိုအရေးယူနေတဲ့ အပေါ် ဒေသခံတောင်သူ ၅၀၀လောက်က လွိုင်ကော်မြို့ ဒီကနေ့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

တောင်သူတွေကို တရားစွဲဆိုပြီး ငွေဒဏ်ချမှတ်တာတွေ ရှိနေတဲ့အတွက် တောင်သူလယ်သမား အခွင့် အရေးတွေ ဆုံးရှုံးနေကြောင်း ကရင်နီပြည် တောင်သူ လယ်သမားသမဂ္ဂ KSFU ဥက္ကဌ ဦးသဲရယ်က ပြော ပါတယ်။

"တရားစွဲခံရတဲ့အပေါ်မှာ မူတည်တာလည်းပါ တယ်၊ နောက်မြေတွေကို လိုက်သိမ်းနေတဲ့အပေါ်မှာ ဆန္ဒပြသွားတာပေါ့နော်၊ တောင်သူလယ်သမား အခွင့်အရေးတွေပေးဖို့ရယ်၊ တရားစွဲခံရတဲ့ တောင် သူတွေကိုရပ်ဖို့ရယ်၊ အကျဉ်းကျခံနေရတဲ့ တောင် သူတွေကို ပြန်လွှတ်ပေးဖို့ အဓိကတောင်းဆိုတာပါ"

ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှာ အမှတ် ၃၆၀ အမြောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲခံထားရသူ တောင်သူ ၁၀ ဦးထဲက ၆ဦးကို ငွေဒဏ် ကျပ် ၅၀၀ သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ လွိုင်ကော်ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချရာ တောင်သူတွေ က ငွေဒဏ်ပေးဆောင်ခဲ့ပါတယ်။ ကျန်တဲ့ ၄ဦးကိုတော့ တရားသေလွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၇ရက်နေ့က ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာက ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲခံရတဲ့ တောင်သူ ၃ဦးကိုလည်း အလားတူပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပါဇီလေးကျေးရွာမှာလည်း ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၁၃ ဦးကို ငွေဒဏ်ကျပ်နှစ်သောင်းစီ ပေးဆောင်ဖို့ ကန့်ဘလူမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ကန့်ဘလူမြို့နယ် ပါဇီလေး၊ ချောင်းသာ၊ ကျွန်းလှကျေးရွာက မြေဧကတစ်ထောင်ကျော်မှာ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ MFF ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်ပြီး အဲဒီမြေပေါ်မှာ ဝင်ရောက်ထွန်ယက်တဲ့ တောင်သူတွေကို ကုမ္ပဏီက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။