ကယားပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ အရေးတကြီး လိုအပ်နေပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အလုပ်အကိုင်အခွင့် အလမ်းပေါ်ပေါက်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီနေ့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဒီမောဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေက ဒေသခံ လူငယ်တွေနဲ့ ဒီမောဆိုမြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လူငယ်တွေက အလုပ်အကိုင် ဖန်တီးပေးဖို့အတွက် အဓိက တင်ပြခဲ့ကြတာဖြစ်ပါတယ်။ ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေက လူငယ်တွေရဲ့ တင်ပြမှုနဲ့ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက် သွားမယ့်အကြောင်း အခုလိုပြောပါတယ်။
"ဘယ်ဒေသမှာ ဘာအရေးကြီးသလဲဆိုတာ ကျနော်တို့ သိရတဲ့အတွက်ကြောင့် ဘယ်ဟာကိုဇောင်းပေးပြီးတော့ လုပ်ပေးမယ်ဆိုတာ ကျနော်တို့အတွက် အထောက်အကူ အများကြီးပေးပါတယ်၊ အဓိကအခက်အခဲက သူတို့ရဲ့ ဝမ်းစာမဖူလုံမှု ပြောမယ်ဆိုရင် ဆင်းရဲတာပေါ့ဗျာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေမရှိတော့ လုပ်အားတွေ လုပ်သလောက်လည်း မခံစားရဘူးဆိုတဲ့အချက်ပေါ်မှာ တော်တော်လေးတွေ့ရပါတယ်၊ ကျနော်တို့နိုင်ငံကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်အောင် အခုတက်လာတဲ့ အစိုးရကလည်း ဒါကိုဇောင်းပေးပြီးတော့လုပ်မှာပါ၊ အလုပ်အကိုင်အခွင့်အလမ်းပေါ်လာအောင် ပြီးတော့ သူတို့လူမှုအဆင့်အတန်း မြင့်မြင့်လေးနေနိုင်အောင် ကျနော်တို့ စီမံကိန်းတွေအများကြီး ကြိုစားပြီးတော့မှ ချမှတ်အကော်အထည်ဖော်ဖို့ရှိပါတယ်"
ဆွေးနွေးပွဲမှာ ရေရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းတံတားလိုအပ်မှုနဲ့ စာသင်ကျောင်းဆောင် လိုအပ်မှုတွေကိုလည်း လူငယ်တွေက တင်ပြခဲ့ကြ ပါတယ်။
ကယားပြည်နယ် ဒေသဖံ့ွဖြိုးရေးကွန်ရက်က ပြည်နယ်အတွင်း လိုအပ်ချက်တွေကို လွှတ်တော် ကိုယ်စားလှယ်တွေ သိရှိနိုင်ဖို့နဲ့ လိုအပ်ချက်တွေကို အစိုးရနဲ့ လူငယ်အဖွဲ့တွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေး ပွဲ ဖြစ်မြောက်အောင် စီစဉ်တာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ကယားပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတင်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးပဲ့ဒူ စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
