ပျဉ်းမနား၊ လယ်ဝေးမြို့နယ်မှာ ကျင်းပခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ၁၃ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲတော်ကို ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းရွာသစ် (တလိုင်းမ) အခြေခံပညာအလယ်တန်းကျောင်းမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
အရင်က ကယန်းအမျိုးသားနေ့ပွဲတော်ကို လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာမှာ ကျင်းပဖို့စီစဉ်ခဲ့တာဖြစ်ပေမယ့် နေပြည်တော်ကောင်စီ က လက်မခံပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။အဲဒီလိုပယ်ချခဲ့တဲ့အတွက် စိတ်မကောင်းကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ချို က RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ ကယန်းအမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်အမျိုးသားနေ့ ကျင်းပခွင့်မရဘူးဆိုရင် အင်မတန်စိတ်မကောင်းဘူး ဖြစ်တာပေါ့လေ၊ လွတ်လပ်ခွင့်ရတယ်ဆိုပြီးတော့မှ ဒီလိုကျင်းပပြုလုပ်ခွင့် မရဘူးဆိုရင်တော့ ရှေ့နောက်မညီဘူးလို့ပဲ ခံစားရပါတယ်"
ဒီကနေ့ပွဲကို ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကယန်းအမျိုးသမီးအဖွဲ့၊ ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ပါတီ စုစည်းရေးကော်မတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ယာယီ၊ ရန်ကုန်) တို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။