၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အားလုံးပါဖို့ ကယန်းပြည်သစ်ပါတီ တိုက်တွန်း

ကယန်းအမျိုးသားတွေဟာ နှစ် ၅၀ ကြာအောင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပေမဲ့ အခုချိန်ထိ စစ်အာဏာရှင်စနစ်ဟာ တည်ရှိနေသေးကြောင်း ဒီနေ့ကျင်းပတဲ့ ကယန်း အမျိုးသား တော်လှန်ရေး နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က ဆီးပူးဒေသမှာရှိတဲ့ ကယန်းပြည်သစ် တပ်မတော် ဌာနချုပ်မှာ ကယန်းအမျိုးသားတော်လှန်ရေး နှစ် ၅၀ ပြည့် အခမ်းအနားကျင်းပရာမှာ အခုချိန်ထိ စစ်အာဏာရှင်စနစ်ရှိနေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ဖြစ်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားလုံးပါဝင်ဆောင်ရွက် ကြဖို့ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင် က ပြောပါတယ်။

"စစ်အာဏာရှင်စနစ်ဟာ ဒီကနေ့အထိ တည်ရှိနေဆဲဖြစ်ပါတယ်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိနေသရွေ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာဖြစ်ပါတယ်၊ ဒါကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေကို အကုန်အစင်ပြင်ဆင်ရေး တနည်းအားဖြင့် အသစ်ရေးဆွဲရေးတွင် ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ညီလာခံ ကျင်းပနိုင်ရန် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက တစည်းတလုံး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြဖို့ တိုက်တွန်းပါတယ်"

ကယန်းပြည်သစ် တပ်မတော်ကို လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ရလလဖ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ၀ အမျိုးသားပါတီစတဲ့ မဟာမိတ်အဖွဲ့ ၂၀ကျော် က ကိုယ်စားလှယ်တွေ အပါအဝင် ဒေသခံ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။