ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ လွိုင်ကော်မှာ ကျင်းပ

ကယားပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှော ဖလှယ်ပွဲကို လွိုင်ကော်မြို့မိုင်းလုံးရပ်ကွက်မှာရှိတဲ့ အင်္ဂလီကန်ဘုရားကျောင်းဝင်းမှာ ဒီနေ့ စတင်ကျင်းပပါတယ်။

အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကယားပြည်နယ်က ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို တင်ပြနိုင်ဖို့အတွက် ဆွေးနွေးကြတာဖြစ်တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အလင်းသစ် လူမှုဖွံ့ဖြိုးရေးဒါရိုက်တာ ကိုဒီးဒီက ပြောပါတယ်။

"ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကယားပြည်နယ်မှာရှိနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ၊ နိုင်ငံတကာ လူမှုရေးအသင်းအဖွဲ့တွေရော နိုင်ငံရေး ပါတီတွေရောပါ့နော် အားလုံးပူးပေါင်းပါဝင်ပြီးတော့ မှ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အဓိကလိုအပ်ချက်တွေပေါ့နော် ဘာတွေရှိလဲဆိုတာကို ဆွေးနွေးမယ်၊ ထွက်ပေါ်လာတဲ့ ဆွေးနွေးချက်တွေကို ကျနော်တို့က တဆင့်ပေါ့နော် သက်ဆိုင်ရာ အစိုးရပဲဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ လွှတ်တော်ပဲဖြစ်ဖြစ် အဲ့ဒီဆွေးနွေး ချက်တွေကို တင်ပြပေးမယ်"

ဆွေးနွေးပွဲ ပထမနေ့မှာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အခြေအနေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အခြေအနေတွေကို ဆွေးနွေး ကြတယ်လို့ သိရပါတယ်။

ညီလာခံကို ဒီနေ့ကနေ ၂၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ကယားပြည်နယ် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအခြေအနေ၊ မြေယာပြဿနာတွေနဲ့ သဘာဝသယံဇာတ ထုတ်ယူနေမှု အခြေအနေတွေ ကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ကယားပြည်နယ်က အလင်းသစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကယားပြည်နယ် လူငယ်များကွန်ရက်၊ ကယန်းဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်နေပါတယ်။