အမေရိကန်သံရုံးက နိုင်ငံရေးဆိုင်ရာ သံအရာရှိနဲ့ ကယားပြည်နယ်က အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ငါးဖွဲ့တို့ဟာ မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့ ပညာပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးရုံးမှာ တွေ့ဆုံတာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ကယားပြည်နယ်မှာ မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ဖို့ဆိုရင် KNPP ပါတီရဲ့ ပူးပေါင်းပါဝင်မှုက အဓိကဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (KNPLF)ရဲ့ တွဲဖက်အထွေထွေ အတွင်းအရေးမှူး (၁) ဗိုလ်မှူး မန်းသက်ဖောက ပြောပါတယ်။
ဒီပွဲကို ကယားပြည်နယ်က အပစ်အခတ်ရပ်စဲထားတဲ့ KNPLF အပါအဝင် ကယန်းပြည်သစ်ပါတီ (KNLP)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် ( KNG )၊ ကရင်နီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီပါတီ ( KNPDP)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲမှာ တောင်းဆိုထားတဲ့အချက် ၂၀ ထဲက ၁၄ ချက်ကို ပဏာမ သဘောတူညီချက် ရယူနိုင်ခဲ့ပြီး တပ်ရုပ်သိမ်းရေးနဲ့ နယ်မြေသတ်မှတ်ရေး စတာတွေပါဝင်တဲ့ အချက် ၆ ချက်ကို ဆက်လက်ဆွေးနွေးသွားဖို့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ ကယန်းပြည်သစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး စောလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။