ထိုင်ဝမ်လူ့အခွင့်ရေးဆု နယ်စပ်အခြေစိုက် KHRG အဖွဲ့ ရရှိ

ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ KHRG အဖွဲ့ကို ထိုင်ဝမ်နိုင်ငံအခြေစိုက် ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းTaiwan Foundation for Democracy အဖွဲ့က ၂၀၁၃ အာရှဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆုဖြစ်တဲ့ Asia Democracy and Human Rights Award 2013 ဆုချီးမြှင့်ဖို့ နိုဝင်ဘာ ၄ ရက်နေ့ မနေ့က ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အာဆီယံဒေသတွင်းမှာရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအတွက် နှစ်စဉ်ပေးအပ်တဲ့ အာရှဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆုကို ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းကနေ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ KHRG အဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ နော်ခူးခူးဂျူးက အခုလိုပြောပါတယ်။

"မနေ့က တရားဝင် သူတို့ ကွန်ဖရင့်မှာကြေညာတယ်၊ သူတို့က အဓိကရည်ရွယ်ချက်ကတော့ ဒီဆုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေထဲမှာမှ အထူးသဖြင့် ကျေးလက်ဒေသမှာရှိတဲ့ ကျမတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာပေါ့နော်၊ အဲ့ဒီအတွက်ပေါ့၊ အဓိကကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ကောက်ယူခြင်းနဲ့ နောက်အက်ဒ်ဗိုကေစီရယ် နောက်ပြီးတော့ ရွာသားတွေနဲ့ အတူတူပေါ့နော်၊ ကျေးလက်စွမ်းရည်ကို အကောင်အထည်ဖော်နေတဲ့ Workshop ကို ကျမတို့က အတူတူလုပ်တယ်၊ အဲ့ဒီလုပ်ငန်းစဉ်တွေအပေါ်ကို မူတည်ပြီးတော့မှ သူတို့ရွေးချယ်ပေးတယ်ပေါ့နော်"

ဒီဆုကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တော်မှာ ချီးမြင့်မှာဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်းလည်း လက်ခံရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဖွဲ့ဟာ ၁၉၉၂ ခုနှစ်ကစလို့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကရင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မှတ်တမ်းရယူတာ၊ သတင်းအချက်အလက် စုဆောင်းတာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျေးလက်ပြည်သူတွေကို စွမ်းရည်မြင့်သင်တန်းပေးတာတွေနဲ့ နှစ်စဉ်လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

အခုလို ထိုင်ဝမ် ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်တဲ့ဆုရရှိတဲ့အတွက် ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အားတစ်ခုဖြစ်စေတယ်လို့လည်း နော်ခူးခူးဂျူးက ဆက်ပြောပါတယ်။

"ဒီဆုရရှိတဲ့အတွက်က ပိုပြီးတော့ အထောက်အကူအများကြီးဖြစ်တယ်၊ နောက်ပြီးတော့ လုပ်ငန်းစဉ်အနေနဲ့က ပိုပြီးတော့ခိုင်မာပြီးတော့ ထောက်ပံ့ပေးသလို ဖြစ်တာပေါ့နော်၊ KHRG အခု လက်ရှိလုပ်ဆောင်လာတဲ့လုပ်ငန်းစဉ်က အနှစ် ၂၀ ရှိပြီပေါ့နော်၊ အခုလိုမျိုး ဒီပြောင်းလဲမှုအနေအထားအပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်အပေါ်မှာ ဒီလိုဆုကို ရရှိတဲ့အတွက်ကို အရမ်းပဲအထောက်အကူပြုတယ်၊ နောက် ဒေသခံတွေက ကျမတို့နဲ့ ပါဝင်လုပ်ဆောင်မှုမရှိဘူးဆိုရင် ကျမတို့အနေနဲ့ ဒီလိုအသိအမှတ်ပြုခြင်းလည်း ခံရမှာမဟုတ်ဘူးပေါ့နော်၊ ဒီလိုဆုရရှိခြင်း အားဖြင့် သူတို့ရဲ့ထောက်ပံ့မှုပေါ့နော်၊ ကျမတို့အနေနဲ့ရရှိခဲ့သလိုပဲ သူတို့ ရှေ့ဆက်ပြီးတော့ တက်တက်ကြွကြွပါဝင်ဖို့လည်း အားတစ်ခုဖြစ်တယ်ပေါ့နော်"

KHRG ကရင်လူ့အခွင့်အရေးအဖွဲ့ဟာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် ၁၉၉၅ ခုနှစ်တုန်းက ကနေဒါနိုင်ငံကချီးမြှင့်တဲ့ The Peace Fund Canada Honor Award ဆုကိုရရှိခဲ့သလို ၂၀၀၁ ခုနှစ်မှာလည်း The Canada-based Science for Peace Award ဆုတွေ ရရှိထားတဲ့အဖွဲ့ဖြစ်ပါတယ်။