ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာကြားမှာ အစိုးရတပ် တပ်မ ၈၈ နဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ တိုက်ပွဲကြောင့် မန်စီမြို့နယ် နောင်စွမ်း၊ ပန်ခမ်း၊ နားလုံ၊ နောင်မွန်း၊ ကုန်းခမ်းစတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံရှမ်းရွာသားတွေဟာ တရုတ်ပြည်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နောင်စွမ်း ရွာသားတစ်ဦးက ပြောပါတယ်။
"အဓိကဖြစ်တဲ့ရွာက မန်စီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု လဂါတ်ဒေါ့နဲ့ ရှမ်းရွာ နားလုံ အဲကြားထဲမှာ အခုဖြစ်နေတာ၊ နှစ်ဖက်စလုံးက လက်နက်ပစ်သံကြားနေရပြီ"
အဲ့ဒီဒေသဘက်မှာ ဒီနေ့တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်းနဲ့ အသေးစိတ်ကို မသိရှိရသေးဘူးလို့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။
ဒီနေ့တိုက်ပွဲဖြစ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အေ တပ်ရင်း ၁၂ ကလည်း အတည်ပြုပြောပါတယ်။
အခုရက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူနေတဲ့ကာလအတွင်း အဲ့ဒီဒေသတစ်ဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား နှစ်ဖက်ပစ်ခတ်မှုတချို့ရှိခဲ့ပါတယ်။