ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်


2013.06.27
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ မနေ့ညကနေ ဒီမနက်အထိဖြစ်ပွားတဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မုံးကိုးမြို့နယ် ဖိုင်ကောင်းကျေးရွာအနီးမှာ အစိုးရ ခလရ ၁၂၈ တပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၂၇ တပ်ဖွဲ့တွေအကြား မနေ့ညကနေ ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း အဲဒီရွာက ဒေသခံ ကချင်အမျိုးသားတစ်ယောက်က RFA ကို ပြောပြ ပါတယ်။

"မနေ့က ဂ နာရီကနေ ဂ နာခွဲအထိဖြစ် တယ်၊ နောက် ၉ နာရီကနေ ၁ဝ နာရီခွဲပေါ့နော်၊  လက်နက်ကြီးနဲ့ပစ်လို့ ၄ အိမ်လောက်ထိ သွားတယ်၊ လောလောဆယ်တော့ဖြစ်အုံးမယ့်  အလားအလာတော့ရှိတယ်၊ နှစ်ဘက်စလုံး က ပြင်ဆင်တဲ့ပုံစံ၊ အစိုးရဖက်ကတော့ ၁၂၈ နဲ့  ၁၂၅၊ ကေအိုင်အေဘက်က တပ်ရင်း ၂၇ ပေါ့"

နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရသေးသလို ကေအိုင်အို တာဝန်ရှိသူတွေဘက်ကလည်း ဖုန်းကိုင်ဖြေဆိုမှု မရှိပါဘူး။ တိုက်ပွဲကြောင့် ဒေသခံ ၁ဝဝ လောက် စစ်ဘေးလွတ်ရာ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း နောက်ထပ် မုံးကိုးဒေသခံတစ်ယောက်ကလည်း ခုလိုပြောပါတယ်။

"ရွာလေးရွာ၊ ငါးရွာတော့ရှိမယ်၊ သူကရွာတန်းရှည် ရွာဆက်တယ်လေ၊ တရုပ်ပြည်နဲ့ နယ်စပ်ဘက်လေ၊ မြောင်းလေးပဲခြားတာ၊ အဲမှာ ကချင်ဘုရားကျောင်းတစ်ကျောင်းရှိတယ်၊ ခုလောလောဆယ်တော့ ဘုရားကျောင်းနားမှာရယ်၊ မြစ်လေးနားမှာရယ်၊ အဲလယ်ကွက်ထဲမှာရယ် ခဏလေးရှောင်ပြေးနေရတယ်"

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တွေ လွန်ခဲ့တဲ့မေလကုန်ပိုင်းက တွေ့ဆုံဆွေးနွေးတဲ့အထဲမှာ နှစ်ဘက်တိုက်ပွဲတွေလျော့ချဖို့ ဆွေးနွေးခဲ့ကြတာတွေရှိပေမဲ့ အခုဇွန်လအတွင်း ကေအိုင်အို တပ်မဟာ ၄ ဒေသမှာ နှစ်ဘက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။