အစိုးရတပ်မတော်ယာဉ်တန်း ကို ကေအိုင်အေ မိုင်းခွဲတိုက်ခိုက်


2015.04.23
sittwe-riot-soldier-0612-b305 လုံခြုံရေးကင်းလှည့်နေသော စစ်သားများကို တွေ့ရစဉ်
RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအနီးမှာ ဒီနေ့ မနက် ၁၀ နာရီက အစိုးရတပ်မတော်ယာဉ်တန်း ကို ကေအိုင်အေဘက်က မိုင်းခွဲတိုက်ခိုက် တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲကြောင့် အစိုးရတပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ က RFA ကို ပြောပါတယ်။

"ယာဉ်တန်းကားကို သူတို့ဆွဲမိုင်းနဲ့ ဖောက်ခွဲလိုက် တယ်လို့ကြားရတယ်၊ သေဆုံးတာဘာညာတော့ မကြားဘူးဗျ၊ တစ်ယောက်တော့ ဒဏ်ရာရတယ် လို့ကြားရတယ်"

အစိုးရတပ် ခလရ ၂၉၈ နဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တို့ဟာ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ အစိုးရတပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်နဲ့ တနိုင်းမြို့နယ်အတွင်းမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

လတ်တလော အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး နှစ်ဘက် ပဋိပက္ခညိုှနှိုင်းရေးအဖွဲ့တွေ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ရှိပေမဲ့ ဧပြီလ ၂၇ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အဲဒီကိစ္စအပါအဝင် လတ်တလောတိုက်ပွဲတွေနဲ့ ပတ်သက်လို့  KIA ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း မြန်မာအစိုးရတပ်တွေနဲ့ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ ဒီကနေ့မှာလည်း တိုက်ပွဲတွေပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခဲ့တယ်လို့ MNDAA အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာတော့ အစိုးရတပ်တွေနဲ့ ရက္ခိုင့်တပ်မတော် AA တို့ မနေ့ကအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ တိုက်ပွဲအရှိန်လျော့လာတယ်လို့ ရက္ခိုင့်တပ်မတော်က စစ်ဦးစီးမှူးက ပြောပါတယ်။

ကိုးကန့်နဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲနောက်ဆုံးအခြေအနေတွေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။