စစ်ရေးစောင့်ကြည့် ကော်မတီဖွဲ့ ဖို့ ကေအိုင်အိုနဲ့အစိုးရ ဆွေးနွေး

0:00 / 0:00

0:00 / 0:00

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့မှာ နှစ်ဖက်တပ်စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဖက်တပ်တွေ စောင့်ကြည့်ရေး အတွက် ကော်မတီတစ်ခု ထားရှိဖို့အတွက် ဆွေးနွေးပွဲမှာ တင်ပြထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIA ရဲ့ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်က RFA ကို ပြောပါတယ်။

" ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးတာတော့ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ထားရှိဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်၊ အခုချိန်မှာတော့ ကျွန်တော်တို့ ဘက်က အကြံပြုချက်တစ်ခုတင်ထားတယ်၊ နောက် MPC ဘက်ကလည်း အကြံပြုချက် တစ်ခုတင်ထားတယ်၊ ဒီအကြံပြုချက် နှစ်ခုပေါ်မှာ ထပ်ပြီး ဆွေးနွေးဖို့ပါ၊ အဖြေမထွက်သေးပါဘူး၊ အလားအလာကတော့ ကျွန်တော်တို့ ဆွေးနွေးမှုအပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်ပြီး ဆွေးနွေးရင် စနစ်တစ်ခု ရရှိမယ်လို့ မျှော်လင့်ပါတယ်၊ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ အထွေအထူးတော့ မရှိပါဘူး"

နှစ်ဖက်အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးပေမယ့် ပြီးခဲ့တဲ့ မေလဆွေးနွေးပွဲအပြီးနောက်ပိုင်းမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်မှုနည်းသွားတယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အာအက်ဖ်အေကို ပြောပါတယ်။

" တိုက်ပွဲလေးတွေဖြစ်တာ နည်းနည်းရှိတယ်၊ အရင်တုံးက တစ်ရက်ကို ၅ ကြိမ်လောက်ဖြစ်တယ်၊ အခုဟာက လေးလအတွင်းမှာမှ ၂၉ ကြိမ်ပဲ ဖြစ်တယ်၊ အဲ့တော့ ဘာဖြစ်လည်းဆိုရင် ၉၀ ရာခိုင်နှုန်းလောက်က တိုက်ပွဲတွေ မရှိတော့ဘူး၊ တိုက်ပွဲက ၁၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်၊ ဒါတွေကို ထပ်မဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို လုပ်တယ်၊ နောက်တစ်ခုက အဲ့လိုမဖြစ်အောင် စောင့်ကြပ်ကြည့်ရှုထိန်းသိမ်းတဲ့ Monitor အဖွဲ့ အဲ့ဒါဖွဲ့ဖို့ ဒီနေ့ ဆွေးနွေးတယ်၊ အဲ့ဒါမပြတ်ဘူး မနက်ဖြန် ဆက်ဆွေးနွေးမယ်၊ တိုးတက်မှုရှိတာပေါ့၊ မတိုးတက်ရင် မနက်ဖြန်ထပ်ချိန်းစရာ မရှိတော့ဘူး"

ဒီနေ့စတင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ကလွဲပြီး ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုုးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vjay Nambiar၊ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ ဝမ်ရင်ဖန်းတို့ လေ့လာသူအဖြစ် တက်ရောက်နေကြပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ဒီကနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ဒီဆွေးနွေးပွဲတက်ရောက်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သား ကိုဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။