ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာနဲ့ ၇ မိုင်အကွာလောက်မှာ ဒီနေ့ မနက်ပိုင်းက ကေအိုင်အေတပ်မဟာ ၃ နယ်မြေတပ်ရင်း ၁၂ လက်အောက်ခံတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ကန်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို အခုလိုပြောပါတယ်။

“ဖြစ်တာကတော့သေချာတယ်၊ ကျနော်တို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သတင်းပို့တယ်၊ ဝန်ကြီး ဦးအောင်မင်းတို့ဆီ သတင်းပို့တယ်၊ အဓိကကတော့ သဘောတူညီထားတဲ့ အချက်တွေအပေါ်မှာ လေးစားလိုက်နာဖို့ အရေးကြီးပါတယ်၊ သဘောတူညီချက်ထဲမှာ တိုက်ပွဲထပ်မံမဖြစ်ပွားဖို့ ဆိုတဲ့ဟာပါတယ်”

မနေ့က နေ့လည်ပိုင်းကလည်း မန်စီမြို့နယ် မုန်ဒိန်ပန်ကျေးရွာနားမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။