စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့် ICRC ကြက်ခြေနီ ကား ၃ စီး လှည့်ပြန်ရ

0:00 / 0:00

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက စစ်ပြေးဒုက္ခသည် စခန်းတွေအတွက် ဆေးဝါးနဲ့ ရိက္ခာပစ္စည်းတွေ သယ်ဆောင်လာတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကား ၃ စီးကို ဒေသခံ အစိုးရတပ်တွေက တားဆီးတာကြောင့် အဲဒီကားတွေ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ကချင်ဒုက္ခသည် စခန်းတာဝန်ခံတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

လိုင်ဇာမြို့အဝင် မိုးနဲချောင်းကို ဖြတ်ဆောက်ထားတဲ့ တံတားအနီးမှာ ကေအိုင်အေတပ်တွေက ထောင်ထားတဲ့ မိုင်းတွေရှိတာကြောင့် အဲဒီတဝိုက်မှာရှိတဲ့ အစိုးရတပ် ခလရ ၂၄၀ က လုံခြုံရေးတာဝန် မယူပေးနိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့က အဲဒီနေရာမှာ သူတို့ထောင်ထားတဲ့ မိုင်းတွေမရှိကြောင်း ငြင်းဆိုပါတယ်။

လှည့်ပြန်သွားတဲ့ ICRC ကား ၃ စီးမှာ နိုင်ငံခြားသား ၃ ဦးအပါအဝင် စုစုပေါင်း ၉ ဦးပါတယ်လို့သိရပြီး၊ အခုလို ICRC ကားတွေ လှည့်ပြန်သွားတာနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ICRC ရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဒီကနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ဖြေကြားခွင့်ရှိသူတွေ ရုံးကိုမလာကြောင်း ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။ နားဆင်နိုင်ပါတယ်။