လာမယ့်မေလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့အပါအဝင် တရုတ် ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားတို့ တက်ရောက်ကြမယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်အားလုံး တက်ရောက်ကြမှာဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေကို စီစဉ်ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက RFA ကို ပြောပါတယ်။
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ကို ဖိတ်ထားတယ်၊ သူတို့က ၁၇ ရက်နေ့ ရောက်လာမယ်လို့တော့ သိရတယ်၊ သူတို့မှာ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ ဖွဲ့ထားတယ်လေ၊ သူတို့ဖွဲ့ထားတဲ့ ကော်မတီအားလုံး တက်ရောက်မယ်ဆိုတာတော့ သိရတယ်ဗျ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်ပြီးမှ တပ်ပိုင်းဆိုင်ရာကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ ဒီတစ်ခေါက် လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာမယ်လို့တော့ ကျွန်တော်တို့ အကြမ်းအားဖြင့် သိရတယ်"
ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့ကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)တို့ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို အစိုးရဖက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ KIO ဖက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဧပြီလအတွင်း ဆက်လက်ဆွေးနွေးဖို့ ချိန်းဆိုခဲ့ပေမယ့် KIO ဖက်က ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဆွေးနွေးပွဲအနည်းငယ် နှောင့်နှေးသွားခဲ့ရတာ ဖြစ်ပါတယ်။