ငြိမ်းချမ်းရေး ဆွေးနွေးပြီးချိန် ဖားကန့်မှာ အခြေအနေ ငြိမ်သက်

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ စစ်ဘေးရှောင်သူတွေ နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေလဲ မရှိတော့ဘူးလို့ သိရပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က အစိုးရ ကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ကိုယ်စားလှယ်တို့ ရွှေလီမြို့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးချိန်မှာတော့ ကျောက်စိမ်းတွင်း ဒေသမှာ တိုက်ပွဲဖြစ်တာတွေ မရှိတော့တဲ့ အပြင်၊ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေသူတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းတွေလဲ လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက မရှိတော့ဘူးလို့ ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာနေထိုင်သူ တစ်ဦးက RFA ကိုပြောပါတယ်။

သြဂုတ်နဲ့ စက်တင်ဘာလက ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံး ဒုက္ခသည်စခန်း ၄၀လောက်ရှိခဲ့ပေမယ့် လတ်တလောမှာတော့ လုံးခင်းဒေသမှာ ဒုက္ခသည်စခန်းတစ်ခုလောက်သာ ကျန်ရှိပါတော့တယ်။

ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ သြဂုတ်လက စတင်ပြီး တိုက်ပွဲတွေပြန်လည် ဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာရှိသလို ဒေသခံပြည်သူတွေလဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။