KIO အဖွဲ့အတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲကာ အစည်းအဝေးမှာ ပစ်ခတ်ကြတာကြောင့် တဦးသေဆုံးပြီး ခေါင်းဆောင်တဦး ဒါဏ်ရာရတယ်လို့ အစိုးရ သတင်းစာတွေရဲ့ ရေးသားချက် မမှန်ကြောင်း KIO အဖွဲ့ က ငြင်းဆိုပါတယ်။
KNG
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG
ဒီဖြစ်စဉ်ဟာ သြဂုတ်လ ၁ရက်နေ့ က KIO ဌာနချုပ် လိုင်ဇာမှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဖြစ် တယ်လို့ ရေးထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ငြင်းဆိုပါတယ်။
ခုလို သတင်းစာမှာ မရေးခင် မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၂ ရက်နေ့က စပြီး စာတွေ ကပ်ခဲ့ကြောင်း စာမှာ KIO နဲ့ KIA အကွဲအပြဲတွေ ဖြစ်ပြီး အစည်းအဝေးမှာ ပစ်ခတ်တာကြောင့် ဗိုလ်မှူးချုပ် ဂွမ်မော် ဒါဏ်ရာရသွား တယ်လို့ ရေးထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO က ရှင်းပြခဲ့ပေမယ့် ဒီ ကောလာဟာလ ကို သတင်းစာမှာ ဆက်ပြီး ရေးတာဟာ အကြောင်း တခုခုတော့ ရှိလိမ့်မယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“ဒါက မြို့ထဲက စပြီးတော့ ဖြစ်လာဆိုတော့ မြို့ထဲက လူတစု လုပ်တယ်လို့ ကနော်တို့က ဒီလိုပဲ မြင်တယ်။ သတင်းစာမှာ ဒီသတင်းကို ဘာဖြစ်လို့ ဖော်ပြသလဲဆိုတဲ့ အပိုင်းကတော့ စဉ်းစားစရာကို။ ဒီတော့ ဒီလိုသတင်းမှားကို ဖော်ပြတယ်ဆိုတာကတော့ ရည်ရွယ်ချက်တခုခု ရှိလိမ့်မယ်လို့ မြင်တယ်”
ခုလို သတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေ ကတော့ အစိုးရဘက်က ဗိုလ်မှူးချုပ် ဂွမ်မော်ကို မကျေမလည် ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။
ကချင်ပြည်နယ် အစိုးရနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ KIO ဘက်က ဦးဆောင်သူ ဗိုလ်မှူးချုပ် ဂွမ်မော်က မေးခွန်းတွေ ထုတ်နေ တာကြောင့် လို့ သုံးသပ်သူတွေက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။ ဗိုလ်မှူးချုပ် ဂွမ်မော်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
မှတ်ချက်များ
Click here to add your own comment