၅၆ ကြိမ်မြောက် ကေအိုင်အေ တော်လှန်ရေးနေ့အခမ်းအနားကို တရုတ်မြန်မာနယ်စပ်ရှိ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ မနေ့က ကျင်းပတယ်လို့ သိရပါတယ်။
ကေအိုင်အို ဌာနချုပ်လိုင်ဇာမြို့ ပဒန်ခန်းမမှာ ဌာနဆိုင်ရာ၊ ဒေသခံ ပြည်သူလူထုနဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ဖိတ်ကြားပြီး ကျင်းပကြတာဖြစ်တယ်လို့ ကေအိုင်အို အရာရှိတစ်ဦးက ပြောပါတယ်
"ဒီမနက် ၈ နာရီမှာ အခမ်းအနားလုပ်ပါတယ် အခမ်းအနားမှာ ကေအိုင်အို ဥက္ကဌရဲ့ မိန့်ခွန်းတွေပေါ့၊ ၅၅ နှစ်ပြည့် ၅၆ ကြိမ်မြောက် တော်လှန်ရေးနေ့ မိန့်ခွန်းတွေကို ဖတ်ကြားတာရှိပါတယ်။ ဒုတိယ အချက်ကတော့ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နှစ် ၅ဝ ပြည့် ၄ဝ၊ ၃ဝ၊ ၂ဝ၊ ၁ဝ ပြည့်တဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုလက်မှတ်တွေကို ချီးမြှင့်တဲ့ အခမ်းအနားတွေလုပ်ပါတယ်။ နောက် တတိယကတော့ ဆုတောင်းတာပေါ့"
အခမ်းအနားပြီးတာနဲ့ လိုင်ဇာဘောလုံးကွင်းမှာ ကလေး၊ လူငယ်၊ လူကြီးတွေအတွက် ဘောလုံး၊ ခြင်းလုံး၊ ကြက်တောင်၊ လွန်ဆွဲ စတဲ့အားကစားပွဲတွေလည်း တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပကြတယ်လို့ သိရပါတယ်။
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ကချင်အမျိုးသား လွတ်မြောက်ရေးအတွက် စတင်တိုက်ပွဲဝင်ခဲ့တဲ့နေ့ ကို ကေအိုင်အေ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အခုလို အခမ်းအနားတွေကို ကေအိုင်အေ တခြားစစ်ဒေသတွေမှာလည်း ကျင်းပကြတယ်လို့လည်း သိရပါတယ်။