အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရစဉ်အတွင်း ဗုဒ္ဓဘာသာဝင် မြန်မာ ၈ ယောက်ကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၄ ယောက်ကို ဒေသတရားရုံးက တစ်ယောက်ကို ထောင်ဒဏ် ၉ လစီ မနေ့က ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ဘာသာလူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက်နေစဉ်အတွင်း ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဆုမတြားကျွန်း မီဒန်မြို့အနီး ဘီလာဝန်ဆိပ်ကမ်းမြို့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေနဲ့ ရိုဟင်ဂျာတွေအကြား ရန်ပွဲဖြစ်ပွားခဲ့ရာက မြန်မာ ၈ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ မြန်မာတွေဟာ အင်ဒိုနီးရှားရေပိုင်နက်အတွင်း ငါးခိုးဖမ်းမှုနဲ့ ထိန်းသိမ်းခံထားရတာဖြစ်ပြီး၊ ရိုဟင်ဂျာတွေကိုတော့ ဥပဒေမဲ့ ခိုးဝင်မှုနဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။
ကျူးလွန်သူ ရိုဟင်ဂျာ ၁၄ ယောက်ကို လူ့အသက်တွေ သေကြေတဲ့အထိ အုပ်စုလိုက် အကြမ်းဖက်ခဲ့ကြောင်း ယုံကြည်ရတဲ့အတွက်၊ တစ်ဦးကို ထောင်ဒဏ် ၉ လစီ ချမှတ်လိုက်ကြောင်း မီဒန်မြို့ တရားရုံးတရားသူကြီးချုပ်က ပြောပါတယ်။ ထောင်ဒဏ်အများဆုံး ၁၂ နှစ်အထိ ချမှတ်နိုင်တဲ့ အဲဒီအမှုကို အစိုးရရှေ့နေတွေက ထောင်ဒဏ် ၂ နှစ်ချမှတ်ဖို့ လျှောက်လဲခဲ့ကြပေမဲ့ တရားရုံးက ၉ လသာ လျှော့ပေါ့ချမှတ်ခဲ့တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၄ ယောက်က ဒီအမှုမှာ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် သူတို့ကို တရားသေလွှတ်ဖို့ အယူခံတင်ကြမှာဖြစ်ကြောင်း သူတို့ရဲ့ရှေ့နေက ပြောပါတယ်။