ဒါနဲ့ပတ်သက်လို့ ကေအိုင်အေဘက်က အတည်မပြုပေမယ့် ခုခံစစ်အနေနဲ့ ပြန်လည် တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ကေအိုင်အေ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်က အပစ်အခတ်ရပ်ဖို့ တပ်တွင်းညွှန်ကြားချက် ထုတ်ပြန်ထားပေမယ့် လက်ရှိ နှစ်ဘက်တိုက်ပွဲ အခြေအနေအရ မြန်မာစစပ်တပ်က ကေအိုင်အေကို ချေမှုန်းဖို့ ရည်မှန်းထားတာ ထင်ရှားတယ်လို့ ဦးလနန်က ပြောပါတယ်။ တစ်ဘက်မှာလည်း အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ကေအိုင်အေအနေနဲ့ သဘောတူထားတယ်လို့ ဆိုပါတယ်။ ကေအိုင်အေတပ်စခန်းတွေရှိတဲ့ လွဲဂျာရမ်းမှာ နှစ်ဘက်တိုက်ပွဲအခြေအနေတွေ ပြင်းထန်နေပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ပိုမိုများပြားလာတယ်လို့ ဦးလနန်က ပြောသွားပါတယ်။
