ရေဘေးအတွက် ကေအိုင်အို အဖွဲ့ ငွေကျပ်သိန်းနှစ်ထောင် လှူဒါန်း


2015.08.14
flooding-kio-620 ရေဘေးသင့်ပြည်သူများအတွက်(KIO)မှ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ထံသို့ ကျပ်ငွေ သိန်းနှစ်ထောင်ကို သြဂုတ်လ ၁၃ ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့စဉ်
Photo:The 88 Generation Peace and Open Society

မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံဖို့အတွက် ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထံ ငွေကျပ် သိန်း ၂ဝဝဝ လှူဒါန်းလိုက်ပါတယ်။

ကောက်ခံရရှိထားတဲ့ အလှူငွေတွေကို ရေဘေးဒဏ်ခံစားနေရတဲ့ ဒေသအားလုံးအတွက် ဖြန့်ဝေသုံးစွဲသွားမှာဖြစ် တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

"တစ်လုံးတစ်ခဲတည်းကိုတော့ တစ်နေရာတည်သုံးမှာမဟုတ်ဘူးလေ၊ လိုတဲ့နေရာတွေပေါ့ ဖြန့်ပြီးတော့ပဲ သုံးတာပေါ့၊ အဓိကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဘယ်အစိတ်အပိုင်းမှာပဲ ဘေးဒုက္ခရောက်ရောက် အခြားတိုင်းရင်းသားတွေအားလုံးက မျှဝေခံစားတယ် ကူညီတယ်ဆိုတာဟာ ငွေကြေးပမာဏထက်ကို ကြင်နာပြတ်သားခြင်း မျှဝေခံစားတယ် ကူညီတယ်ဆိုတဲ့ စိတ်ဓါတ်ခွန်အားက ပိုပြီးတော့ကြီးမားပါတယ် ၊ ပြည်ထောင်စုတစ်ခုလုံလုံးရဲ့ ပြဿနာဟာ တိုင်းရင်းသားအားလုံး ပြည်ထောင်စုသား အားလုံးနဲ့ဆိုင်တယ်၊ အားလုံးက ဝိုင်းဝန်းဖြေရှင်းတယ်ဆိုတဲ့ အဲ့ဒီယဉ်ကျေးမှုလေးကို ကျနော်တို့က တန်ဖိုးထားတာပါ"

ကေအိုင်အိုဟာ ချင်းပြည်နယ်က ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် CNF ချင်းအမျိုးသား တပ်ဦးကတဆင့် ငွေကျပ်သိန်း ၁ဝဝဝ လှူဒါန်းထားတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီလ ၂ ရက်နေ့ကစပြီး ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ အလှူငွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့ကစပြီး မြန်မာပြည်တစ်ဝှမ်း ရေဘေးဒဏ်ကို ခံစားနေကြရတာဖြစ်ပြီး ဒီနေ့အထိ သေဆုံး ၁ဝ၆ ဦး၊ ဒုက္ခသည် အရေအတွက်က ၁၃ သိန်း ၆ သောင်းကျော်ဖြစ်နေပြီဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။