တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က စတင် ကျင်းပပြီး ညနေ ၅ နာရီခန့်မှာ ရပ်နားခဲ့ပါတယ်။ အစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးတဲ့ အဆင့်ကို ရောက်ဖို့
လိုသေးတယ်လို့ KIO ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
“ဒီနေ့စပြီး ဆွေးနွေးတဲ့ အချိန်မှာ ကျွန်တော်တို့ အဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် အနေနဲ့ ဦးအောင်သောင်းကို စာနဲ့ရော၊ နှုတ်အားဖြင့်ရော ပြောဆိုခဲ့တာ ရှိတယ် ခင်ဗျ။ အဲဒီစာထဲမှာ ပါတာကတော့
တိုင်းရင်းသားတွေရဲ့ လိုအင် ဆန္ဒကို ပင်လုံမှာ သဘောတူညီခဲ့ကြပြီးတဲ့ အတိုင်း အမျိုးသားရေး တန်းတူညီမှုနဲ့ တိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်များကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးမှု
ပြုလုပ်သွားရန် ဆိုတဲ့ လိုလားချက်ပေါ့ဗျာ၊ အဲဒီအတိုင်း သွားဖို့ ပြောဆို ဆွေးနွေးကြတာပါ။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးဖို့ အဆင့် ဆိုတာတော့ အများကြီး လိုပါသေးတယ်”
KIO နဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ ဆွေးနွေးပွဲဟာ တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့သလို အပစ်ရပ်ရေးထက် နိုင်ငံရေးအရ ဆွေးနွေးတာ ဖြစ်တဲ့ အတွက် အချိန်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။
KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်များ ပြီးခဲ့တဲ့ ဇွန်လက စပြီး ရှစ်လကျော်ကြာ စစ်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံပြည်သူ ခြောက်သောင်းလောက် ဒုက္ခသည် အဖြစ် ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။