အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးနေတဲ့ ဦးဆန်အောင်က အခုလို ပြောပါတယ်။
“အစိုးရအနေနဲ့ ဒီငြိမ်းချမ်းရေးကို ရအောင် လုပ်ဆောင်ဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ် ဆိုတဲ့ဟာတွေ ပါတယ်။ ပြီးရင် ခုတခါ တွေ့ဆုံဆွေးနွေးဖို့ အတွက်ကို မူဆယ် သို့မဟုတ် ရွှေလီမှာ တွေ့ဆုံဖို့ ကမ်းလှမ်းပါတယ် ဆိုပြီးမှ ရေးထားတာပေါ့။ ရွှေလီဆိုတာတော့ ကေအိုင်အို ကလည်း ကမ်းလှမ်းထားတဲ့နေရာလည်း ဖြစ်တယ်။ မူဆယ်ကတော့ အစိုးရ ကမ်းလှမ်းထားတဲ့နေရာ ဖြစ်တယ်။ အဲဒါဆိုရင်တော့ ၂ ခုလုံးပါတယ်ဆိုတော့ ဒီတခါတော့ ရွှေလီမှာပဲ တွေ့ဖို့ များပါတယ်။ ကေအိုင်အိုကတော့ အစည်းဝေး ထိုင်နေလားတော့ မသိဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း အကြောင်းပြန်မှာပါ။ လောလောဆယ်တော့ မနေ့က စာရရချင်း အကြောင်းပြန်တာတော့ ဒီစာကို ရရှိတယ်၊ အခုအစည်းအဝေး ထိုင်ပြီးမှ အကြောင်း ပြန်ပါ့မယ် ဆိုတာလောက် အကြောင်းပြန်တာပါ။”
အဲဒီလို ကမ်းလှမ်းတဲ့ အထဲမှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာ မပါသေးဘဲ ဒီတခါတွေ့ဆုံမှုက တရားဝင် တွေ့ဆုံဆွေးနွေးမှု ဖြစ်မယ့် အကြောင်းနဲ့ အစိုးရက ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှာ တပ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်နိုင်မဲ့ သူတစ်ဦးလည်း ပါတယ်လို့ ဦးဆန်အောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအိုင်အိုကို ဆက်သွယ် မေးကြည့်တဲ့အခါ တာဝန်ရှိ ကေအိုင်အို အရာရှိ တစ်ယောက်က စာရောက်တာတော့ ဟုတ်မှန်ကြောင်း အတည်ပြု ပြောပေမဲ့ အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုတာ မရှိပါဘူး။
အခုလို အစိုးရဘက်က ကမ်းလှမ်းတဲ့ တချိန်တည်းမှာ ကေအိုင်အို နယ်မြေ အတွင်းမှာ အစိုးရတပ်တွေနဲ့ အေအိုင်အိုတို့ တိုက်ပွဲ ဖြစ်ပွါးနေသလို ကေအိုင်အို ဗဟိုဒေသအတွင်းမှာလည်း အစိုးရတပ်က တပ်ရင်း အမြောက်အများ ထပ်မံ အင်အားဖြည့်တင်းထားတယ်လို့ ကေအိုင်အိုတပ်တွေနဲ့ အတူရှိတဲ့ ABSDF မြောက်ပိုင်း ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။