ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်ဖက်တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက RFA ကိုအခုလိုပြောပါတယ်။
"ကျနော်တို့ မြေပုံနဲ့ပတ်သက်ပြီးတော့ မပြတ်သေးတဲ့ဟာလေးတွေ ပြန်ကြည့်တာပါ၊ ကျနော်တို့တပ်တွေနေရာကို မြေပုံမှာပြန်ကြည့်ပြီးတော့ ဆက်လုပ်တဲ့ဟာလေးတွေ ရှင်းလင်းတာပေါ့၊ တပ်နေရာတွေမှာ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာလေးတွေပေါ့၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ မြေပုံနဲ့ပြန်ပြီးတော့ရှင်းတာ၊ တပ်နေရာချထားမှုဆိုတာက အပစ်အခတ်ရပ်စဲရေးလုပ်မှ တပ်နေရာချထားမှုတွေက အသေးစိတ်ဆွေးနွေးလို့ရမှာ၊ လက်တလောကတော့ အပစ်အခတ်ရပ်စဲရေးအတွက် သွားမယ့်အနေအထားပဲရှိသေးတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်ပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကတော့ နည်းနည်းဆက်ပြီးတော့ ကြိုးစားရဦးမယ်၊ "
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ဒီနေ့ပြုလုပ်ခဲ့တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ RFA ကို အခုလို ပြောပါတယ်။
"ဒီနေ့ကတော့ ကျနော်တို့ အစည်းအဝေး အစီအစဉ်အရ တပ်ပိုင်းဆိုင်ရာကိစ္စတွေရယ်၊ IDP ရယ် ပြီးတော့ တခြားလိုအပ်တဲ့ကိစ္စရပ်များရယ်ဆိုပြီးမှ ခေါင်းစဉ် ၃ ခုဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကက တပ်ပိုင်းဆိုင်ရာကလည်း တိုက်ပွဲတွေလျှော့ချမယ်၊ အရင်ဆွေးနွေးပွဲကအချက်တွေ လိုက်နာမယ်စသဖြင့် သဘောတူတာရှိပါမယ်၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုလုပ်မယ်ဆိုရင် ကျနော်တို့ကို စီမံချက်တွေပေးဖို့နဲ့ ဒီအပေါ်မှာ ကေအိုင်အိုကဆွေးနွေးပြီးတော့ ပြန်ပြီးအကြောင်းကြားမယ် ဆိုတဲ့အချက်တွေကို ဆွေးနွေးတာဖြစ်ပါတယ်၊ ဒီနေ့ဆွေးနွေးတဲ့ အခြေအနေကတော့ ရလာဒ်ကောင်းတွေရရှိတယ်လို့ ပြောလို့ပါတယ်"
မနက်ဖြန် ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက် ၅ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်နေသူတွေက ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေစင်တာ အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်ရမှာပါ။
ဆွေးနွေးပွဲတက်ရောက်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ကိုသံခဲကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။