ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

0:00 / 0:00

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

"အခု ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်အပစ်အခတ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့မှာတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်၊ ကျနော်သိတာကတော့ နေရာနဲ့ နေ့ရက်ကို နှစ်ဖက်သဘောတူညီပြီးသားဖြစ် တယ်ပေါ့၊ ကျန်တဲ့အသေးစိတ်တို့ ကျနော်တို့ ညှိနှိုင်းနေတာတွေရှိပါတယ်၊ ကျနော်တို့ညှိနှိုင်းတာတွေ အဆင်ပြေမယ်လို့ကျနော်တို့ရှင်းပြပါတယ်"

ဒီဆွေးနွေးပွဲမှာ အစိုးရအနေနဲ့ ပြင်ပစောင့်ကြည့်လေ့လားရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။

" ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ သီးခြားနိုင်ငံတကာ လေ့လာသူတွေကို မဖိတ်ခဲ့ပါဘူး၊ ဒီပွဲမှာလည်း ဖိတ်ဖို့အနေအထားမရှိပါဘူး၊ ဒါပေမယ့် ကေအိုင်အို အဖွဲ့အစည်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ဖိတ်ကြားမှုတွေရှိခဲ့ရင်လည်း ဝန်ကြီးဦးအောင်မင်းအနေနဲ့တော့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဒီအပေါ်မှာ အမြဲတမ်းလိုက်လျောခဲ့တာရှိပါတယ်၊ အခုတစ်ခေါက်မှာလည်း ကေအိုင်အိုအဖွဲ့အစည်းဘက်က တခြားဖိတ်ကြားတဲ့လူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရဘက်ကတော့ ဖိတ်ကြားဖို့မရှိပါဘူး"

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကေအိုင်အိုတို့ဟာ ထိုင်းနိုင်ငံမှာ ၂ ကြိမ်၊ ကေအိုင်အို နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ ၂ ကြိမ်နဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ၃ ကြိမ်၊ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအဖွဲ့တို့ကြား မကြာခင်ပြုလုပ်မယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တင်ပြထားပါတယ်။