ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေက တပ်သားသစ်တွေ စုဆောင်းဖို့ ဒေသခံတွေကို ဖမ်းဆီးတယ်ဆိုတာ မဟုတ်မှန်ကြောင်း KIO အဖွဲ့က RFA ကိုပြောပါတယ်။
KIA တပ်ဖွဲ့တွေက ဖမ်းဆီးတာတွေဟာ ဒီဇင်ဘာလကုန်ပိုင်းကဖြစ်ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ၁၅ဦးကို ဖမ်းဆီးထားကြောင်း အဖမ်းခံရသူတွေဟာ ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်း တစ်ရွာကို လူနှစ်ဦးကျ တောင်းခံတဲ့စာတွေ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO နည်းပညာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ငြင်းဆိုပါတယ်။
"ကျနော်တို့ ကေအိုင်အို စစ်သားစုဆောင်းရေးက ထုတ်တဲ့စာ ထုံးတမ်းဓလေ့မရှိဘူးခင်ဗျ၊ မိုးညှင်းတိုက်ပွဲနောက် ပိုင်းမှာ စစ်သားစုဆောင်းတာမျိုးတွေ လုံးဝမလုပ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စစ်သားစုဆောင်းတာ မဟုတ်ပေမယ့်လည်း စုဆောင်းတယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ အမြဲတမ်းစွပ်စွဲခံရတယ်လေ၊ ဒီအချိန်အခါမှ အားလုံးထိလွယ်ရှလွယ်တဲ့အတွက်ကြောင့်မို့ ခေတ္တယာယီရပ်ဆိုင်းတဲ့ အနေအထားတွေ ကျနော်တို့ဆီမှာရှိတယ်"
ဒါ့အပြင် KIA တပ်ဖွဲ့အတွင်း ကချင်လူမျိုးကလွဲပြီး တခြား တိုင်းရင်းသားတွေကို လက်ခံခြင်းမရှိဘူးလို့ ဆိုပါတယ်။
ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေဟာ KIA တပ်မဟာ၄နယ်မြေဖြစ်ပြီး အဲဒီဒေသအတွင်း တခြားလက်နက်ကိုင် အဖွဲ့တွေလည်း လှုပ်ရှားနေတာဖြစ်တယ်လို့ ဦးဒေါင်းခါးက ပြောပါတယ်။
SLND ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ် က ကျေးရွာတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ရွာသားတွေကို တပ်သားသစ်အဖြစ် အဓမ္မ ဖမ်းဆီးထားတာတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်ထဲမှာ KIA တပ်မဟာ ၄ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး တစ်ရွာ နှစ်ယောက်နှုန်း တပ်သားသစ်ပေးဖို့ ရွာသူကြီးတွေဆီ KIA ရဲ့ ရုံးတံံဆိပ်ပါ စာရွက်တွေနဲ့ တောင်းဆိုတာဖြစ်တယ်လို့ SNLD က ပြောပါတယ်။
ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရေးကာလမှာ အခုလို အဓမ္မဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းမှုကို ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ SNLD ပါတီရဲ့ ကြေညာချက်မှာ ရေးသား ထားပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ နည်းပညာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။