ကေအိုင်အိုအဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေးအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးဖို့ ကြားခံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်လို့ အခုတစ်ရက်နှစ်ရက်အတွင်း မြစ်ကြီးနားမှာ ရုံးဖွင့်တော့မယ်လို့ သိရပါတယ်။
ကေအိုင်အိုအဖွဲ့ဟာ လွန်ခဲ့တဲ့ ဇွန်လကတည်းက နှစ်ဘက်တွေ့ဆုံဆွေးနွေးရေးအတွက် ကြားခံညှိနှိုင်းရေးအဖွဲ့ Technical Team ကို ဖွဲ့စည်းပြင်ဆင်လာခဲ့ရာ အခုတော့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့လူတွေကို ရွေးချယ်ခဲ့ပြီး လာမယ့်တစ်ရက်နှစ်ရက်အတွင်းမှာ မြစ်ကြီးနားမှာ ရုံးဖွင့်တော့မယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။
“အဲဒီမှာက ဗိုလ်မှူးကြီး ဂေါ်လူလအောင်၊ ဗိုလ်မှူးကြီးဆင်ဝါး၊ ဗိုလ်မှူးကြီးခွန်နောင် ပြီးတော့ ဆရာဒေါင်ခ သူတို့ ၄ ယောက်ဦးဆောင်ပြီး သူတို့ရဲ့တပည့်တပန်းတွေ ၁ဝ ယောက်ကျော်လောက်တော့ ရှိမှာပေါ့ တမြန်မနေ့က အစိုးရဘက်ကို အကြောင်းကြားထားပြီးသားပါ၊ အစိုးရကို အကြောင်းကြားပြီးမှပဲ ကျနော်တို့ဆီကို မိတ္တူပြန်ပို့တာပါ၊အစိုးရက သိပြီးသားဖြစ်ပါတယ်”
ရုံးဖွင့်မယ့်နေရာဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကာလက အသုံးပြုခဲ့တဲ့ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအနီးက အရင်ဆက်ဆံရေးရုံးအဟောင်းကိုပဲ အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ အခုဖွင့်လှစ်မယ့် ကေအိုင်အို ဆက်ဆံရေးရုံးက တာဝန်ရှိသူတွေလုပ်ရမယ့် လုပ်ငန်းအချို့နဲ့ ပတ်သက်လို့ ဦးဆန်အောင် ခုလို ဆက်လက်ပြောပြပါတယ်။
"အဓိကတော့ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရေးနဲ့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်တာမျိုးတို့ ကြိုတင်ပြီးတော့ ညှိနှိုင်းတာမျိုးတို့ အဲဒါတွေလုပ်မှာပါ၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ရည်ရွယ်ပြီးမှ ဒီရုံးက လုပ်တာပဲ"
ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ မေလ ၂၈ ရက်ကနေ ၃ဝ ရက်နေ့အထိ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ အခုလို ညှိနှိုင်းရေးအဖွဲ့ဖွဲ့ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တဲ့ ကာလကလည်း အလားတူပုံစံမျိုး မြစ်ကြီးနားမှာ ဆက်ဆံရေးရုံးအနေနဲ့ဖွင့်ခဲ့ဘူးပြီး ၂ဝဝ၉ ခုနှစ်နောက်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်ဆက်ဆံရေးအခြေအနေ ပြန်လည်တင်းမာလာကာ ၂ဝ၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးတော့ ဆက်ဆံရေးရုံးထားရှိတာကိုလည်း ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။