အပစ်ရပ်စာချုပ်မှာ အားလုံးပါမှ KIO လက်မှတ်ထိုးမည်

0:00 / 0:00

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး တပြိုင်တည်းလက်မှတ်ရေးထိုးခွင့်ရမှသာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးမှာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက သြဂုတ်လ ၂၁ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားကို ကေအိုင်အို ဘက်က မေးမြန်းမှုတွေရှိခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ဂွန်ဂျာက ပြောပါတယ်။

"အရပ်ဘက်အဖွဲ့အစည်းများရဲ့တောင်းဆိုမှုကြောင့်လည်းဖြစ်တယ်၊ နောက်တစ်ခုက KIO ကလူနှစ်ရာနီးပါးပါ ပြီးတော့မှ ဒီတစ်ပတ်တနင်္လာ၊ အင်္ဂါနှစ်ရက်လုံးကို လိုင်ဇာမြို့မှာလုပ်ခဲ့ပါတယ်၊ အဲ့မှာလာရောက်တက်ရောက်တဲ့ သူတွေကလည်းတင်ပြသွားပါတယ်၊ အဲ့ဒီအချက်အကုန်လုံးမှာသက်ရောက်ပါတယ်၊ ပြီးရင်လော်ခီးလာ၊ လိုင်ဇာ အသီးသီးမှာ သူတို့ထုတ်ပြန်ထားတာလည်း အားလုံးတစ်ပြိုင်နက်ထဲ လက်မှတ်ရေးထိုးဖို့ဆိုပြီးမှ NCCT ကိုဖွဲ့စည်းပြီး စတင်ဆောင်ရွက်ညှိနှိုင်းသွားကြပါတယ်လို့ ပြောထားပါတယ်"

ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဟာ သြဂုတ်လ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ နှစ်ရက်ကြာတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ လုံးပါဝင်မှ လက်မှတ်ရေးထိုး သင့်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဖော်ပြထားတဲ့အချက်တွေဟာ မရှင်းလင်းဘဲ လိုသလို အဓိပ္ပါယ်ရ ယူနိုင်တာတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ကေအိုင်အိုထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ပူတာအိုနဲ့ ဆွမ်ပရာဘွန်ကြားမှာ ကေအိုင်အိုနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့်ဒေသခံတွေ ပိတ်မိနေတာတွေ ရှိနေတယ်လို့သိရပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ဆက်ပြီး ဆွေးနွေးနေ ကြပေမယ့် ဆုံးဖြတ်ချက်မချနိုင်သေးဘူးလို့ သိရပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။