ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့ဟာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ KNPP အနေနဲ့ ဖြစ်နိုင်မယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ်အခတ် ရပ်စဲရေး လိုချင်ကြောင်း ခူးဦးရယ်က ဆိုပါတယ်။ ကေအင်ပီပီဟာ လက်နက်ကိုင် တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်တပ်ပေါင်းစု UNFC အဖွဲ့ဝင် ဖြစ်ပါတယ်။ မြန်မာအစိုးရက UNFC အနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးရေးနဲ့ နောက်ဆုံး တိုင်းရင်းသား ညီလာခံလိုမျိုး ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ တွေ့ဆုံ ဆွေးနွေးစဉ်က ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကေအင်ပီပီဟာ ၁၉၉၅ ခုမှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခု ဇွန်လအတွင်းမှာ နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။