အစိုးရနဲ့ KNPP ငြိမ်းချမ်းရေး သဘောတူညီချက် ၈ ခု လက်မှတ်ရေးထိုး


2013.06.20
knpp-gov-peace-305.JPG ဇွန်လ ၂ဝ ရက်နေ့က ဆက်လက်ကျင်းပတဲ့ အစိုးရ ကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KNPP ကိုယ်စားလှယ်များကို တွေ့ရစဉ်
photo: RFA/ Nay Thwae

အစိုးရနဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ တို့ရဲ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့မှာ သဘောတူညီချက် ၈ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က RFAကို အခုလို ပြောပါတယ်။

“သဘောတူညီချက် ၈ ချက်ပေါ့လေ၊ ကျနော်တို့ သဘာတူညီခဲ့ပါတယ်၊ ကျနော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရရှိခဲ့ပါတယ်၊ ဆက်လက်ဆွေးနွေးရမယ့်ကိစ္စများနဲ့ ပတ်သက်လို့ နောင်ဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးသွားဖို့ ကျနော်တို့ သဘောတူပါတယ်”

အဲဒီသဘောတူညီချက်တွေကတော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲရောက်အောင် ဆက်လက်ဆောင်ရွက်သွားဖို့၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို လာမယ့်ဆွေးနွေးပွဲတွေမှာ ဆက်လက်ဆွေးနွေးဖို့၊ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီဖွဲ့ဖို့၊ ကယားပြည်နယ် လျှပ်စစ်စီမံကိန်းအပါအဝင် အကြီးစား စီမံကိန်းတွေကို ပြည်သူတွေအားလုံး ပွင့်လင်းမြင်သာမှုရှိရှိ လေ့လာခွင့်ပြုဖို့၊ ကယားပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်လည်နေရာချထားပေးဖို့၊ မြေမြှပ်မိုင်းရှင်းလင်းရေးနဲ့ ကယားပြည်နယ်အတွင်း နောင်ပြုလုပ်မယ့် အကြီးစားစီမံကိန်းတွေမှာ ကယားပြည်သူတွေရဲ့ သဘောထားကိုရယူဖို့စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဥက္ကဌ ခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီးထူး အပါအဝင် ၁၄ ဦး တက်ရောက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးအပါအဝင် နှစ်ဖက်စစ်တပ် အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။